တနင်္သာရီ၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အင်းရှည်ကုန်းနဲ့ သိန္ဓောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနေ လေယာဉ်နဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ၂ ထံကနေ သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မြိတ်လေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ အင်းရှည်ကုန်းရွာဘက်ကို ဗုံး ခြောက်လုံးထက်မနည်းကြဲချခဲ့တဲ့အတွက် ကျေးရွာဆေးပေးခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒါ့အပြင် သိန္ဓောကျေးရွာကိုလည်း ဗုံး ငါးလုံး ကြဲချသွားခဲ့တဲ့အတွက် ကျေးရွာအစပ်မှာ ကျရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ၂ တာဝန်ခံက ဒီဗုံးကြဲတိုက်ခိုက်မှုဟာ ကျေးရွာဆေးပေးခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျေးရွာနှစ်ရွာကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲသွားပေမယ့် ဒေသခံတွေ ထိခိုက်သေဆုံးတာမရှိဘဲ ဆေးခန်းအဆောက်အဦး အစမှန်တာလောက်သာရှိပြီး နေအိမ်ပျက်စီးတာတွေလည်း မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာမှာ စစ်ကောင် စီတပ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.