ဒီယာအယ်လ်ဘာလာ၊ အောက်တိုဘာ ၇

အရှေ့အလယ်ပိုင်းဒေသတဝန်းရှိ အီရန် ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ စစ်ပွဲအတွင်း ဂါဇာမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်နေပြီး အောက်တိုဘာ ၆ ရက်မှာပဲ ဘေရွတ်မြို့ ဆင်ခြေဖုံး ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဗလီတစ်လုံး တိုက်ခိုက်ခံရပြီး လူ ၁၉ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုပြီးနောက် တစ်နှစ် အကြာမှာ အစ္စရေးက လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ကို စစ်မျက်နှာ အသစ် ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဂါဇာစစ်ပွဲ စတင်ပြီးနောက် ဟစ်ဇာဘိုလာအဖွဲ့ဟာ အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဟစ်ဇဘိုလာအဖွဲ့က မြောက်ပိုင်းမြို့ ဟိုင်ဖာကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက အတည်ပြုပေမယ့် ဘယ်လို လက်နက်မျိုးနဲ့ တိုက်ခိုက်ခဲ့တာလဲ ဆိုတာတော့ ထုတ်မပြောထားပါဘူး။

အနီးအနားရှိ အစ္စရေးရေတပ် အခြေစိုက်စခန်း တစ်ခုကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဟစ်ဇဘိုလာအဖွဲ့က ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲပြီး လွင့်စဉ်လာတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကြောင့် လူ ၁၀ ဦးထက် မနည်း ထိခိုက်ခဲ့တယ်လို့ လူနာတင်ယာဉ် ဌာနက ပြောကြားပါတယ်။

ပြီးခဲတဲ့သီတင်းပတ်မှာ အီရန်က ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက အီရန်ကိုလည်း လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခကြောင့် အစ္စရေးကို အဓိက လက်နက် ထောက်ပံ့နေတဲ့ အမေရိကန်လည်း စစ်ပွဲထဲမှာ ပါဝင်လာရနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ဆီးရီးယား၊ အီရန်နဲ့ ယီမင်ရှိ အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက အစ္စရေးကို ပုံမှန်ဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အစ္စရေးကလည်း ပြန်လည် တိုက်ခိုက်နေပါတယ်။

အောက်တိုဘာ ၆ ရက်မှာ ခါမာတီယာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်အရာရှိတွေက ပြောထားပါတယ်။

အစ္စရေးက သူတို့ နယ်စပ်အနီးမှာ ရှိနေတဲ့ ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင်တွေကို တိုက်ထုတ် ပစ်မယ်လို့ ကြွေးကြော်ပြီး လက်ဘနွန် တောင်ပိုင်းကိုလည်း မြေပြင်ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.