မကွေး အောက်တိုဘာ ၇

မကွေးတိုင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေကို အကြောင်းမဲ့ လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။

“ဘာမှမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ စုဝေးနေတာလည်းမရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာသားတွေကို ဦးတည်ပြီးတိုက်ခိုက်တာမျိုးပါ။ ယောနယ်က လေကြောင်းကို အထူးဂရုစိုက်ဖို့လိုပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ရေရှင်မရွာ ဘုရားကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ကနေ ၄၀ မိနစ်အတွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်တာကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထီးလင်းမြို့နယ် ကျင်းမြောက်ရွာက လူနေအိမ်တွေကို လေကြောင်းကနေ ဗုံး ၄ လုံးကျဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကျောက်ထုမြို့ ပန်းဆန်ကျေးရွာကို ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ သားအမိ ၂ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကျောက်ထုအမြောက်တပ်၊ ဂန့်ဂေါ ခလရ ၅၀ ကနေမကြာခဏ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် ဂန့်ဂေါခရိုင်မှာ သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိလာပြီလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကိုဘကောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.