ကော့ကရိတ်၊ အောက်တိုဘာ ၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ် AD ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှာ ကော့ဘိန်းကျေးရွာ ဘဲစုပိုင်းမှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို မြေပြင်သတင်းပေးပို့ချက်တွေအရ အတည်ပြုနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က ဆိုပါတယ်။

စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဂျိုင်းမြစ်မှာ စခန်းချထားတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီး ခုနှစ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကော့ဘိန်းကျေးရွာအုပ်စု မင်းရွာကျေးရွာကို စစ်ကောင် စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.