တီဟီရန်၊ အောက်တိုဘာ ၅

အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အများရှေ့ ပထမဆုံး ပြန်ပေါ်လာပြီး အစ္စရေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တုံ့ပြန်တိုက်ခိုက်တာ ဖြစ်လို့ တရားဝင်တယ်လို့ ပြောကြားကာ အစ္စရေးကို ပူးပေါင်းဆန့်ကျင် တိုက်ခိုက်ကြဖို့ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ငါးနှစ်အတွင်း ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ခါမေနီက ဒေသတွင်းရှိ အစ္စရေးရဲ့ ရန်သူတွေအနေနဲ့ အစ္စရေးကို နှစ်ဆတိုးပြီး ဆန့်ကျင် တိုက်ခိုက်ကြဖို့ တိုက်တွန်း ပြောကြားပါတယ်။

အီရန်ရဲ့ အင်အားအကြီးဆုံး စစ်တပ်ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်ထောက်တပ်မှူးက အစ္စရေးအနေနဲ့ မိမိတို့ရဲ့ စွမ်းအင် အဆောက်အဦးတွေကို တိုက်ခိုက်လာရင် အစ္စရေးမှာရှိတဲ့ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ အဆောက်အဦးတွေကို တိုက်ခိုက်သွားမယ်လို့ ပြောကြားထားပါတယ်။

အစ္စရေးက အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေး အဆောက်အဦးတွေကို တိုက်ခိုက်နိုင်ခြေနဲ့ ပတ်သက်လို့ အစ္စရေးနဲ့ ဆွေးနွေးနေတဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြောဆိုထားပါတယ်။

ဇူလိုင်လတုန်းက တီဟီရန်မှာ ဟားမာ့စ် အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာနဲ့ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့မှာ ဟစ်ဇဘိုလာ အဖွဲ့ခေါင်းဆောင် ဟာဆန် နာဆရယ်လာတို့ကို သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန်က ပြောဆိုထားပါတယ်။

အဲဒီသတ်ဖြတ်မှုတွေအတွက် အီရန်က အစ္စရေးကို အပြစ်တင်ထားပေမယ့် အစ္စရေးက ငြင်းဆိုတာရော ဝန်ခံတာပါ မရှိခဲ့ပါဘူး။

ဒီအတောအတွင်း အစ္စရေးက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ကို တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ အတိုင်ပင်ခံ သေဆုံးခဲ့ရပါတယ်။

အစ္စရေးကို မိမိတို့ တိုက်ခိုက်မှုဟာ တရားဝင်ပြီး အစ္စရေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် အနည်းဆုံး အပြစ်ပေးလိုက်တာ ဖြစ်တယ်လို့ ခေါင်းဆောင်ကြီး ခါမေနီက ပြောဆိုထားပါတယ်။

အစ္စရေးကို ထိပ်တိုက် ရင်ဆိုင်ရာမှာ အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း ခါမေနီက လူထုကို ပြောကြားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.