ဝါရှင်တန်၊ အော်တိုဘာ ၅

ယီမင်နိုင်ငံရှိ အီရန် ထောက်ပံ့ပေးထားတဲ့ ဟူသီအဖွဲ့ရဲ့ ပစ်မှတ် ၁၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားလိုက်ပါတယ်။

လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် ကာကွယ်ရေး စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။

မြို့တော် ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ အဓိက မြို့ အချို့မှာ ပေါက်ကွဲမှုတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာလကတည်းက ဟူသီအဖွဲ့ဟာ ပင်လယ်နီကို ဖြတ်သန်း ခုတ်မောင်းတဲ့ သင်္ဘော အစီးရေ ၁၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘော နှစ်စီး နစ်မြုပ်ခဲ့ရပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ဟူသီ စစ်သွေးကြွအဖွဲ့က ပြောဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ ဗဟိုကွပ်ကဲရေးက ဟူသီအဖွဲ့ရဲ့ အခြေစိုက်စခန်းတွေ၊ လက်နက် သိုလှောင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ မြို့တွေထဲမှာ မြို့တော် ဆာနားလည်း ပါဝင်တယ်လို့ ဟူသီနဲ့ မဟာမိတ်မီဒီယာ တစ်ခုကလည်း ဖော်ပြပါတယ်။

ယီမင်နိုင်ငံ ဝေဟင်မှာ ပျံသန်းနေတဲ့ အမေရိကန်ထုတ် MQ-9 Reaper ဒရုန်း တစ်စီးကို စက်တင်ဘာ ၃၀ ရက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ အဲဒီ ဒရုန်းကို ဆုံးရှုံးလိုက်ရကြောင်း အမေရိကန် စစ်တပ်က အသိအမှတ်ပြုထားပါတယ်။

ဒေသတွင်းရှိ အမေရိကန် ရေတပ်သင်္ဘောတွေကို ဟူသီအဖွဲ့က ဆန်းဆန်းပြားပြား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပင်တဂွန်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ထားပါတယ်။

ယီမင်နိုင်ငံမှာ စစ်ခင်းနေတဲ့ အဖွဲ့တွေကြား တိုက်ပွဲတွေ လျော့ပါးသွားပြီးနောက် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဆာနားမြို့မှာ ဗုံးပေါက်ကွဲမှုတွေဟာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

ပင်လယ်နီရှိ သင်္ဘောတွေကို တိုက်ခိုက်တာအပြင် ဟူသီအဖွဲ့က အစ္စရေးကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ရိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးကလည်း ဟူသီအဖွဲ့ကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.