ပုလော၊ အောက်တိုဘာ ၅

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ သန်းခေါင်းစာရင်းကောက်ယူဖို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးနောက် သန်းခေါင်းစာရင်းကောက်ယူမှု ရပ်နားထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပုလောမြို့နယ် အမှတ် ၁ ၊ အမှတ် ၂ ၊ အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ ရပ်ကွက်တွေအပြင် မကျည်းကုန်းကျေးရွာနဲ့ ပလောက်မြို့ပေါ်မှာ သန်းခေါင် စာရင်း စတင်ကောက်ယူခဲ့တာပါ။

သန်းခေါင်းစာရင်း ကောက်ယူနေအချိန် အမှတ် ၅ ရပ်ကွက်ရှိ ခလရ ၂၈၅ အနီးက မိုင်ခရိုဝေ့တောင် စခန်းကုန်း၊ တိုတာဝါတိုင်စခန်းကုန်းနဲ့ မကျည်းကုန်းရွာထိပ်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူတာ မတွေ့ရသေးဘူးလို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မကျည်းကုန်းကျေးရွာနဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူမှု ရပ်နားလိုက်ပေမယ့် သူတို့ထိန်းချုပ်မှု အားကောင်းတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးအင်အား အများအပြားနဲ့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဒေသခံအများစု မကြည်ဖြူတဲ့အပြင် မြို့နေပြည်သူတွေကလည်း သန်းခေါင်စာရင်း အကြောင်းပြပြီး စစ်မှုထမ်းထဲ ဆွဲသွင်းမှာကို စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီးသလောက် ဆက်သွယ်မေးမြန်ချက်တွေအရ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်အတွင်းက လောင်းလုံးမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ အောက်တိုဘာ ၁ ရက်နေ့ကစလို့ သန်ခေါင်းစာရင်းကောက်ယူနေတာဖြစ်ပြီး ကော့သောင်းမြို့မှာတော့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းအတွက် လူအင်အား ၁၀၀၀ ကျော်နဲ့ စာရင်းကောက်ယူနေတယ်လို့ အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.