မော်လမြိုင် ၊ အောက်တိုဘာ ၅

နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေခြင်းကြောင့် စက်တင်ဘာတစ်လအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ် ပြန်ပါတယ်။

BWU ရဲ့ အဆိုအရ ဒေသအလိုက် အမျိုးသမီးတွေ သေဆုံးခဲ့ရမှုမှာ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။

သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေမှာ စစ်အုပ်စုက အရပ်သားတွေနေထိုင်တဲ့ အိမ်နဲ့ရပ်ရွာမှာ လက်နက်ကြီးပစ်ခတ်မှု၊ အကြောင်းမဲ့သတ်ဖြတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ မီးရှို့သတ်ဖြတ်မှု၊ဒရုန်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်းပိတ်မိပြီး ဆေးကုသခွင့်မပေးတာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာ၊ ဒရုန်းတိုက်ခိုက်တာ၊ ပစ်ခတ်ခံရတာ၊ မြေမြှုပ်မိုင်း နင်းမိတာ၊ ဗုံးပေါက်ကွဲတာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကြောင့် အမျိုးသမီး ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုက လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အများဆုံးလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၄ ဦး အထိ ရှိခဲ့တာပါ။

စက်တင်ဘာလအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီး ၅ ဦးဟာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ ဖမ်းဆီးထိန်း သိမ်းခြင်းခံခဲ့ရပြီး မြေပြင်မှာ အမျိုးသမီးတွေ ဖမ်းဆီးခံရတဲ့အရေအတွက် အခုထက်ပိုများနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်း ကာလ အခုနှစ် စက်တင်ဘာလကုန်အထိ အမျိုးသမီး ၅၆၀၀ ကျော် ဖမ်းဆီးခံရပြီး ၄၀၇၂ ဦး ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာ – ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အမျိုးသမီးတွေ ဆန္ဒပြစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.