ကျိုက်ထို၊ အောက်တိုဘာ ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ ကျိုက္ကသာ-ဘိုရားကြီး -ကော့ထင်းလမ်းပိုင်းမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ အ သက် ၅၄ နှစ်အရွယ် ဦးဆန်းဦးဟာ သူပိုင်လယ်ထဲကနေ နေအိမ်ပြန်လာစဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးဆန်းဦးဟာ ရင်အုံ၊ ဝမ်းဗိုက်နဲ့ ပခုံးတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

စစ်တပ်လော်ဘီတွေကတော့ ဒီပစ်ခတ်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့က လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒါပေမယ့် KRF ပြန်ကြားရေး တာဝန်ခံက ဒီပစ်ခတ်မှုကို သူတို့အဖွဲ့က လုပ်ဆောင်ခဲ့တာ မရှိကြောင်းနဲ့ စစ်တပ်လော်ဘီတွေရဲ့ လိမ်လည်စွပ်စွဲမှုသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ ဦးဆန်းဦးဟာ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာ မရှိပေမယ့် လယ်ယာပြဿနာနဲ့ ကျိုက်ထိုတရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦးနေအိမ်မှာ ပစ်သတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.