ညောင်လေးပင်၊ အောက်တိုဘာ ၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က KNU ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးအလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေကျင်မြို့နယ် စံဖဲနဲ့သက်ကယ်ကုန်းကျေးရွာနေ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှမ်းစုကျေးရွာရှိ စေတီ တစ်ဆူ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့ကလည်း မုန်းမြို့နယ် သနပ်ကွင်းကျေးရွာထဲကို ခမရ ၃၀၇ တပ်ရင်းက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှု ကျုးလွန်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.