ဆိုးလ်၊ အောက်တိုဘာ ၄

မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ဖို့ ရန်သူက အင်အားသုံး ကြိုးပမ်းလာရင် နျူကလီးယား လက်နက်တွေ အပါအဝင် အသုံးပြုလို့ရသမျှ တိုက်ခိုက်ရေး အင်အားအားလုံးကို အသုံးပြုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၄ ရက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်သုံးရင် အဲဒီအစိုးရရဲ့ နိဂုံး ဖြစ်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

North Korean leader Kim Jong Un visits the training base of the special operations armed forces of the Korea’s Army, at an undisclosed location, in North Korea, in this handout picture released by North Korea’s official Korean Central News Agency on October 4, 2024. KCNA via REUTERS

သမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ပြောဆိုမှုတွေဟာ ဒေသဆိုင်ရာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုတဲ့ ပြောဆိုမှု ဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ဝေဖန်ခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံနားမှာနေပြီး သမ္မတ ယွန်ဆွတ်ယိုလ်က စစ်အင်အား ထုတ်ပြ ကြွားဝါနေတယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ဖို့အတွက် ရန်သူက ရူးရူးမိုက်မိုက်နဲ့ မဆင်မခြင် ကြိုးပမ်းလာမယ်ဆိုရင် နျူကလီးယား လက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားသမျှ တိုက်ခိုက်ရေး အင်အားကို အသုံးချပြီး ပြန်လည် တိုက်ခိုက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က ခြိမ်းခြောက်လိုက်တာပါ။

အောက်တိုဘာ ၂ ရက်က အထူးစစ်ဆင်ရေး လေ့ကျင့်ရေး အခြေစိုက်စခန်းတစ်ခုဆီ ရောက်ရှိချိန်မှာ ကင်ဂျုံအန်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

နျူကလီးယားလက်နက် စီမံကိန်း အတွက် မြောက်ကိုရီးယားက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့ပြီး အခုအချိန်မှာ နျူကလီးယား လက်နက် ဒါဇင်နဲ့ချီ ထုတ်လုပ်နိုင်တဲ့ ယူရေနီယံတွေ လုံလုံလောက်လောက် ပိုင်ဆိုင်ထားပြီလို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားဟာ မြေအောက် နျူကလီးယား လက်နက် ဖောက်ခွဲ စမ်းသပ်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်က တောင်ကိုရီးယားစစ်တပ် နှစ်ပတ်လည်နေ့မှာ အမေရိကန် ဗုံးကြဲလေယာဉ် တစ်စီး ပျံသန်းမှုနဲ့ အတူ တောင်ကိုရီးယားက လက်နက် ထိပ်ဖူး တော်တော်များများကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ သမ္မတ ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် သုံးရင် မိမိတို့ မဟာမိတ် အမေရိကန်နဲ့ မိမိတို့ စစ်တပ်ရဲ့ ချေမှုန်းတာ ခံရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရန်သူတွေဟာ မိမိတို့ရဲ့ စစ်အင်အားကို မဆန်းစစ်ဘဲ အာဝဇွန်းရွှင်ရွှင် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပြီး မိမိတို့ရဲ့ နျူကလီးယား လက်နက်တွေကို ကင်းစင်သွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က ပြောဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.