မော်လမြိုင် ၊ အောက်တိုဘာ ၅

နိုင်ငံတဝန်းမှာ အခုနှစ်လေးလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေလကနေ ဩဂုတ်လအတွင်း မြို့ နယ် ၃၅ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ် ဖြတ်မှု တွေထဲမှာ စစ်အုပ်စုက ၉၁ ရာခိုင်နှုန်းနဲ့ အများဆုံးကျူးလွန်ခဲ့ပြီး ဖြစ်စဉ် ၅၆ ခု ပါဝင်ကာ အရပ်သား ၆၄၀ ကျော် သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ကျူးလွန်တဲ့ အဖွဲ့အစည်းကို မသိရှိရတဲ့ အစုအလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၄ ခုလည်းပါဝင်ပြီး သေဆုံးသူ ၆၂ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

သတ်ဖြတ်မှုပုံစံတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာ စစ်ကြောင်းထိုးသတ်ဖြတ်တာတွေက အ များဆုံးဖြစ်ပြီး ဒရုန်းနဲ့တိုက်ခိုက်တာအပါအဝင် အခြားပုံစံတွေနဲ့လည်း ကျူးလွန်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်အုပ်စုနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးမှုလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦဖေသန်းက တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ မြို့ရွာတွေမှာ အုပ်ချုပ်ရေးမတည်ငြိမ်အောင် ပြည်သူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ အသုံးပြုလာတာတွေ ခပ်စိပ်စိပ်များလာတယ်လို့ သုံးသပ်ပါတယ်။

“ပြည်သူတွေကို မတော်တဆကြားညှပ်သွားတာ မဟုတ်ဘဲနဲ့ စစ်ရေးပစ်မှတ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ အသုံးပြုလာတာတွေက နောက်ပိုင်းမှာ တော်တော့ကို ခပ်စိပ်စိပ်များလာတယ်။ အထူးသဖြင့် တပ်ရင်းတပ်ဖွဲ့တွေ စွန့်ခွာသွားတဲ့ နေရာတွေ၊ ကျဆုံးသွားတဲ့ စခန်းတွေ၊ မြို့တွေ၊ ရွာတွေ၊ တနည်းအားဖြင့် တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ မြို့တွေ၊ ရွာတွေကို ကြည်းကြောင်းအားဖြင့် ပြန်မသိမ်းပိုက်နိုင်တဲ့အခါ အဲဒီဒေသ အုပ်ချုပ်ရေးမတည်ငြိမ်အောင် ပျက်ရာပျက်ကြောင်း အကြောင်းပြချက်နဲ့ တော်လှန်ရေးအင်အားစုတွေလို့ ခေါင်းစဉ်တပ်ပြီး နေရာတိုင်းမှာ မဆင်မခြင်ပစ်တာတွေ အထူးသဖြင့် လေကြောင်းနဲ့ ဗုံးကြဲတာတွေက ဒီရက်ပိုင်းလပိုင်းတွေမှာ တော်တော်များလာတယ်” လို့ ဆိုပါတယ်။

ဉာဏ်လင်းသစ်ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ သေဆုံးမှုအရေ အတွက်ဟာ အများဆုံးဖြစ်ခဲ့တာပါ။

လေးလအတွင်း နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဟာ မန္တလေးမှာ ၆ ခု၊ ရခိုင်နဲ့ ရှမ်းမြောက်မှာ ၅ ခုစီ၊ စစ်ကိုင်းနဲ့ မကွေးမှာ ၃ ခုစီ၊ မွန်နဲ့ ချင်းမှာ ၁ တစ်ခုစီ စုစုပေါင်း ၂၄ ခုရှိခဲ့ပြီး သေဆုံးသူ ၂၇၁ ဦး ရှိခဲ့တာပါ။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဩဂုတ်အထိ စစ်အုပ်စုက နိုင်ငံတဝန်းမှာ လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၃၂၀ ခု ကျူးလွန်ထားပြီး အရပ်သားပြည်သူ ၃၁၉၅ ဦးအထိ သတ်ဖြတ်ခံထားရပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ သေဆုံးမှုတွေရဲ့ ထက်ဝက်ကျော်ဟာ မြန် မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။

ဦးဖေသန်းကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားမျိုးနွယ်ကို ကာကွယ်တဲ့အနေနဲ့ ကျူးလွန်သူတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ အရေးယူဆောင်ရွက်သင့်တယ်လို့ ထောက်ပြပါတယ်။

“စာရင်းပြုစုထားတဲ့ အချက်အလက်တွေကို တာဝန်ရှိသူတွေကစိစစ်ပြီး လူသားမျိုးနွယ်ကို ကာကွယ်တဲ့အမှု အဲဒီလိုခေါင်းစဉ်အောက်က ပြစ်မှုကျူးလွန်တဲ့ ဘယ်ဘက်ကိုမဆို အရေးယူသင့်တယ်။ တာဝန်ယူမှု တာဝန်ခံမှု ပြောသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲ မပြီးမချင်း ပြည်သူတွေက တော်တော့်ကို ရာနဲ့ထောင်နဲ့ ချီပြီးတော့ သေကြဦးမယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ အလေးထားသင့်တယ်၊ အဲဒီလိုပဲ မှတ်ချက်ပြုချင်တယ်”လို့ ဆိုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့အနေနဲ့ အချက်အလက်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်း ထုတ်ပြန်ချက်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံကာ ကောက်ယူပြုစုထားတာလို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.