ဝါရှင်တန်၊ အောက်တိုဘာ ၃

အစ္စရေးကို အီရန်က ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက လက်စားချေ တိုက်ခိုက်နိုင်ခြေအပေါ် ကန့်ကွက်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်မှာ အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် အများစုကို အစ္စရေးက သူတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ တားဆီးနိုင်ခဲ့ပြီး ဒေသတွင်းရှိ အမေရိကန် ရေတပ်သင်္ဘောကလည်း လေကြောင်း ကာကွယ်ရေး စနစ်နဲ့ အီရန် ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချပေးခဲ့ပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာနဲ့ ဟစ်ဇဘိုဘာအဖွဲ့ ခေါင်းဆောင် ဟာဆန် နာဆရယ်လာ၊ အီရန် တော်လှန်ရေး တပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် အဘတ်စ် နီဖေါ်ရိုရှန်တို့ကို တိုက်ခိုက် သတ်ဖြတ်မှု အတွက် အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ကို ချေမှုန်းရေး လက်ဘနွန်သို့ အစ္စရေးက ဝင်ရောက် တိုက်ခိုက်ပြီးနောက်မှာ အီရန်ရဲ့ အခုလိုမျိုးတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂါဇာရှိ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ ဟားမာ့စ်နဲ့ အစ္စရေးကြား အပစ်အခတ် ရပ်စဲရေး၊ တင်းမာမှု အရှိန် လျှော့ချရေး ညှိနှိုင်းမှုတွေ လုပ်ပြီး အမေရိကန်က ငြိမ်းချမ်းရေး ကြိုးပမ်းနေတာ ကြာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ မအောင်မြင်သေးပါဘူး။

ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ အတူ ဟာရီကိန်းဒဏ်ခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက တိုက်ခိုက်မယ်ဆိုရင် ထောက်ခံမှာလားလို့ သမ္မတ ဘိုင်ဒန်ကို သတင်းထောက် တစ်ယောက်က မေးမြန်းခဲ့ရာမှာ မထောက်ခံတဲ့အကြောင်း ပြန်လည် ဖြေကြားခဲ့တာပါ။

အစ္စရေးအနေနဲ့ နောက်ထပ် ဘာလုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်က ဆွေးနွေးသွားမယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

ဂျီ-၇ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပြီး သူတို့က အစ္စရေး အနေနဲ့ တုံ့ပြန်ပိုင်ခွင့် ရှိပေမယ့် သင့်တင့်သလောက်ပဲ တုံ့ပြန်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

အီရန်အနေနဲ့ ဘာအမှား တစ်ခုမှ မလုပ်မိစေဖို့နဲ့ အမေရိကန်က အစ္စရေးကို လုံးဝ အပြည့်အဝ ထောက်ခံကူညီမှာ ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.