လားရှိုး ၊ အောက်တိုဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်နယ်မြေမဟုတ်တဲ့ နယ်မြေတွေကို စစ်‌ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က အောက် တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဇူလိုင်လမှာ လားရှိုးစစ်ပွဲအတွင်း မကြာခဏရှုံးနိမ့်မှုတွေကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လောက်ကိုင်မြို့ အပါအဝင် သိန္နီခရိုင်နဲ့ အခြားနယ်မြေတွေလည်း ဗုံးကြဲခံရတဲ့ဧရိယာမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လဆန်းပိုင်းမှာ လားရှိုးမြို့အခြေစိုက် အစဉ်အလာကြီးပြီး စစ်အင်္ဂါစဉ် နံပါတ် ၃ မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ကိုးကန့်အဖွဲ့ MNDAA လက်ထဲ အရေးနိမ့်ခဲ့ရတဲ့အတွက် မြို့ ကိုပါ စစ်ကောင်စီလက်လွှတ်ခဲ့ရတာပါ။

အဲဒီနောက်ပိုင်း တိုက်ပွဲတွေငြိမ်သက်ပြီးနောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်တွေကို စေလွှတ်ပြီး ဗုံးကြဲခဲ့သလို စက်တင်ဘာနှောင်းပိုင်းမှာလည်း ဆက်တိုက်လုပ် ဆောင်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

ဒါကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ စစ်ကောင်စီတပ်ကနေ အထူးဒေသ ၁ မှာ လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ၃၁ ဦး ထက်မနည်းသေဆုံးပြီး အယောက် ၉၀ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဘက်မှာ မရေမတွက်နိုင်တဲ့ အများပိုင်အဆောက်အအုံတွေဖြစ်တဲ့ နေအိမ်တွေ ဟိုတယ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပြီး ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးမှုဟာ တိုင်းတာလို့ မရနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်မခွဲခြားဘဲလေကြောင်း ဗုံးကြဲမှုတွေနဲ့ ပစ်ခတ်မှုတွေဟာ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပြီး နိုင်ငံတစ်ဝန်း အဖြစ်ဆိုးများစွာ ဖြစ်ပေါ် စေခဲ့တာလို့ MNDAA က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.