ဘုတလင်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်အင်အား ၈၅ ဦးဝန်းကျင်နဲ့ ဗိုလ်မှူးကျော်တင့် ဦးဆောင်ပြီး ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်ကို ပြန်လာတဲ့ စစ်ကောင်စီရဲ့ ခမရ ၁၀၆၊ ၃၀၉၊ ၁၂နဲ့ ခလရ ၂၂၉ ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စက်တင်ဘာ ၃၀ ရက်နေ့မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်မှုကြောင့် နေ့လယ် ၁၂ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ အချိန် ၅ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့စစ်ကြောင်း အကုန်လုံး ချေမှုန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၃ ဦးသေဆုံးခဲ့ပြီး လက်နက်ချ အညံ့ခံတာကြောင့် ဗိုလ်ကြီးနှစ်ဦး အပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၅၆ လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.