“တခြားသော ဘဝတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်လက် လက်တွဲပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆက်လက်တည်ဆောက်ရေးကိုပဲ ပန်းတိုင်ထားပြီး ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကျွန်မတို့လုံးဝ လက်ခံမှာ မဟုတ်ပါဘူး” – မိကွန်းချမ်းနွန် (MSFC)

အာဏာသိမ်းစစ်ကောင်စီက သူတို့ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကနေ လျှောက်လှမ်းဖို့ မကြာသေးခင်က ဖိတ်ခေါ်ကမ်းလှမ်းလာပါတယ်။

အခုလိုမျိုး စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကိုတော့ အာဏာရှင်စနစ် တွန်းလှန်ရေး အဖွဲ့အားလုံးက ငြင်းဆန် ပယ်ချခဲ့ကြပါတယ်။ အဲဒီလို ပယ်ချလိုက်တဲ့အထဲမှာ မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒီတော့ အခုလိုမျိုး ကမ်းလှမ်းချက်အပေါ် ထားရှိတဲ့ ကောင်စီရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ တချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲအရေးတွေနဲ့ ကောင်စီအနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ့်အရာတွေအကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက မိကွန်းချမ်းနွန်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – အာဏာသိမ်းကာလ လေးနှစ်နီးပါးမှာ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ကျွန်မတို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့  စစ်ကောင်စီရဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ် ဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာနဲ့ ပတ်သက်ပြီး ရိုးဖြောင့်မှုမရှိဘူးလို့ မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ခေါ်နေတဲ့အချိန်တည်းမှာပဲ လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်။ 

သူတို့ရဲ့ အာဏာရရှိရေး ဒေါက်တိုင်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီအတိုင်း အသက်သွင်းပြီး ဆက်လက် ဆွေးနွေးပွဲကို လုပ်ဆောင်မှာလည်း ဟုတ်တယ်။ ဒါကြောင့် မွန်ပြည်ဖယ်ဒရယ် ကောင်စီအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေး လှည့်ကွက်ဖြစ်တဲ့ ဒီဆွေးနွေးပွဲကို ရိုးသားမှုမရှိဘူးလို့ မြင်ပါတယ်။

မေး – စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ ဖြေရှင်းဖို့ပေါ့လေ။ ဒီလိုမျိုး ကမ်းလှမ်းချက်တွေက လက်ရှိအခင်းအကျင်းမှာ တကယ်ရော အလုပ်ဖြစ်နိုင်မယ်လို့ မြင်ပါသလား၊ ဘာကြောင့်လဲ။

ဖြေ – စစ်ကောင်စီရဲ့ လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲက ဝင်ဖို့ကိစ္စက စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပဖို့ လုံးဝ အာဏာမရှိပါဘူး။ 

ဒီ ရွေးကောက်ပွဲကနေ နိုင်ငံရေးဆွေးနွေးသွားဖို့ ဆိုတာက သူတို့အနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ အတုအယောင်အနေနဲ့ လုပ်ပြီးတော့ အာဏာတည်တံ့ရေးဆက်လက် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒီ အခင်းအကျင်းဟာ ဘယ်လိုမှ အလုပ် မဖြစ်နိုင်ပါဘူး။

လက်ရှိကြုံတွေ့နေရတဲ့ အတွေ့အကြုံမှာ မူတည်ပြီးတော့လည်း စစ်တပ်ရဲ့အာဏာကို ကိုင်တွယ်ထားတဲ့ မူတည်ပြီးတော့ အခု ခင်းကျင်းနေတဲ့ အခင်းအကျင်းက အတုအယောင်ပဲ ဖြစ်တယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။

မေး – မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ရော စစ်ကောင်စီ ကမ်းလှမ်းဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ – Statement (ထုတ်ပြန်ချက်) ထဲမှာ ဖော်ပြထားတဲ့ အတိုင်း မွန်ပြည်ဖယ်ဒရယ်ကောင်စီကတော့ ဒီ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ ဆွေးနွေးပွဲကို ပါဝင်ဖို့အတွက် လက်ခံစဉ်းစားတာ မစဉ်းစားဘူး။ 

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးကိုလည်း တခြားသော ဘဝတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်လက် လက်တွဲပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆက်လက်တည်ဆောက်ရေးကိုပဲ ပန်းတိုင်ထားပြီး ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကျွန်မတို့လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။

မေး –  လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာဟာ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့ အ‌ရွေ့လို့ ပြောကြတယ်။ တကယ်လို့များ လက်နက်ကိုင်တိုက်ပွဲကနေ တစ်နေ့နေ့မှာ စားပွဲဝိုင်းဆွေးနွေးပွဲကို ရောက်လာမယ့်အခြေအနေမှာ ဘယ်လိုမျိုး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ – အခုလက်ရှိတော်လှန်ရေးကတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ထောင်ဖို့အတွက် ကျွန်မတို့ ဦးတည်နေတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒီအရွေ့ကို ရွေ့အောင်လည်း ကျွန်မတို့အားလုံး တွန်းတွန်းတိုက်တိုက်နဲ့  လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျွန်မတို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီ အနေနဲ့ ဒီစားပွဲဝိုင်း ဆွေးနွေးပွဲကို ရောက်ရှိအောင်လည်း တွန်းပို့နေတာ ဖြစ်တယ်။ အဲဒီ ဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီးတော့ အတူတကွ ဆွေးနွေးနိုင်မယ်လို့လည်း ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ 

အကုန်လုံး အတူတကွ ဆွေးနွေးတဲ့ နေရာမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရောက်ရှိနိုင်ဖို့အတွက် အားလုံးအတူတကွ ဆွေးနွေးသွားနိုင်ဖို့၊ အဓိက ကတော့ ကျွန်မတို့ဆွေးနွေးပွဲတွေမှာ ဆိုရင် အစုအဖွဲ့တွေ အကုန်လုံးပါဝင်တဲ့ အမျိုးသမီးတွေလည်း ဒီ ဆွေးနွေးပွဲမှာ အဓိက ဆုံးဖြတ်ချက်တွေ ချမှတ်သူတွေ အဓိက ဆွေးနွေးသူတွေ အဖြစ် ပါဝင်ပြီးတော့ နိုင်ငံရေး အရွေ့ကို တည်ဆောက်သွားနိုင်မယ့် အခြေအနေကို ဖန်တီးဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး နောက်ဆုံးအနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် လတ်တလော ဘာတွေ လုပ်ဆောင်နေတာ ရှိမလဲ။ နောက် ဘယ်လိုတွေ ဆက်လုပ်သွားမလဲ။

ဖြေ – မွန်ပြည်ဖယ်ဒရယ်ကောင်စီ အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအပြင် အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးကို ဦးတည်ပြီး လုပ်ဆောင်နေတာ ရှိတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ NUCC မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း မောင်နှမတွေ အတူတကွ တော်လှန်တိုက်ပွဲ၀င်နေကြတာ ရှိတယ်။ 

ဖယ်ဒရယ်ယူနစ်တွေ စုဖွဲ့ပြီးတော့ တကယ်ပဲ တည်ဆောက်ဖို့လိုတဲ့ အခြေခံမှုတွေ လုပ်ဆောင်သွားရမယ့် အချက်တွေကို အတူတကွ လုပ်ဆောင်သွားဖို့ ဆွေးနွေးနေတာ ရှိတယ်။ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်တဲ့ နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ အခြေခံမှုတွေကိုလည်း အတူတကွ ချမှတ်ပြီး လုပ်ဆောင်သွားဖို့ အခြေအနေရှိပါတယ်။ 

ဒီအပြင် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအားလုံး အတူတကွ စုစည်းပြီး တစ်နိုင်ငံလုံးအနေနဲ့ ဆက်လက်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်သွားဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်နေတာ ရှိပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.