တနင်္သာရီ၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တို ၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ အမှတ် ၃၀၆ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံး နှစ်လုံးချပြီး တိုက်ခိုက်သွားခဲ့တာပါ။

စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် မော်တုန်းကျေးရွာစာသင်ကျောင်းအနီး ကစားနေတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း မော်တုန်းကျေးရွာ အလယ်တန်းကျောင်း စာသင်ဆောင်တစ်ဆောင်နဲ့ နေ အိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုဟာ ကျေးရွာအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိမယ်အထင်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ကုန်းကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးဝယ်နေတဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.