ဂျေရုစလင်၊ အောက်တိုဘာ ၃

မြို့တော် တဲလ်အဗစ်ကို အီရန်ရဲ့ တိုက်ခိုက်မှုအပြီး ချက်ချင်း ဆိုသလို ထွက်ပေါ်လာတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကို ပြည်ဝင်ခွင့် တားမြစ်လိုက်ကြောင်း အစ္စရေးက အောက်တိုဘာ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံအားလုံး နီးပါးက ပြစ်တင် ရှုတ်ချထားချိန်မှာ အဲဒီလို မလုပ်ဆောင်နိုင်သူ တစ်ယောက်အနေနဲ့ အစ္စရေးမြေပေါ်ကို ခြေချဖို့ မထိုက်တန်ဘူးလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကာ့ဇ်က လူမှုမီဒီယာ X ပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။

အစ္စရေးကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အတွင်းရေးမှူးချုပ် ဂူတာရက်ဇ်က အရှိန် မြင့်သထက် မြင့်လာအောင် လုပ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခ ကျယ်ပြန့်လာတဲ့ အပေါ် မိမိအနေနဲ့ ရှုတ်ချကြောင်း ဒီအခြေအနေကို ရပ်တန့်ရမှာ ဖြစ်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး လုံးဝ လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ လက်ဘနွန်မှာ အင်အားကုန် ထုတ်သုံးတဲ့ စစ်ပွဲကို ရှောင်ရှားရမှာ ဖြစ်ပြီး လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို လေးစားရမှာ ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားခဲ့တာပါ။

အတွင်းရေးမှူးချုပ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့ရဲ့ သတ်ဖြတ် ဖမ်းဆီးမှုတွေအပေါ် ပြစ်တင် ရှုတ်ချဖို့ ပျက်ကွက် နေဆဲ ဖြစ်ပြီး သူတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာလည်း မရှိ ဖြစ်နေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ကာ့ဇ်က ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကုလ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ် ဂူတာရက်ဇ်က အစ္စရေးမှာ ဟားမာ့စ် အဖွဲ့ရဲ့ မကြုံစဖူး ဆိုးရွားလွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မိမိအနေနဲ့ ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ကို ဆက်လက် တိုက်ခိုက်နေချိန်မှာ လက်ဘနွန်ရှိ ကုလသမဂ္ဂစနစ် အားလုံး အကူအညီ လိုအပ်နေသူတွေကို ကူညီပေးဖို့ စုစည်းထားတယ်လို့ ဂူတာရက်ဇ်က လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မာကာတီကို အောက်တိုဘာ ၁ ရက်မှာ ပြောကြားထားပါတယ်။

ဒီအတောအတွင်း ရုရှားက လက်ဘနွန်ရှိ အစ္စရေးတပ်တွေ ပြန်လည် ဆုတ်ခွာရေး တောင်းဆိုထားပါတယ်။

ဂါဇာရှိ ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေ ဖမ်းဆီးသွားတာကြောင့် အစ္စရေးက ဟားမာ့စ်အဖွဲ့ကို နှိမ်နှင်းရေး မြေပြင် ဝေဟင် ထိုးစစ်တွေ စတင်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ဟားမာ့စ် မဟာမိတ် ဟစ်ဇဘိုလာက အစ္စရေးကို တိုက်ခိုက်မှုကြောင့် အစ္စရေးက ပြန်လည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Ref:UPI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.