ဂျေရုစလင်၊ အောက်တိုဘာ ၂

အောက်တိုဘာ ၁ ရက်မှာ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အတွက် ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကြွေးကြော်လိုက်ပါတယ်။

အစ္စရေးအနေနဲ့ လက်တုံ့ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ ပျက်စီးကိန်းနဲ့ ကြုံရလိမ့်မယ်လို့ အီရန်က ပြန်လည် ခြိမ်းခြောက်ထားတာကြောင့် ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်ပွားလာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အစ္စရေး ထောက်ခံသူတွေအနေနဲ့ တီဟီရန်ကို ဆန့်ကျင်ပြီး တိုက်ရိုက် ကြားဝင်စွက်မယ်ဆိုရင် ဒေသတွင်းရှိ အီရန်ရဲ့ အခြား စစ်အခြေစိုက် စခန်းတွေကနေ ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်သွားမယ်လို့ အီရန် စစ်တပ်က ပြောကြားထားချိန်မှာ အမေရိကန်က သူတို့ရဲ့ မဟာမိတ် အစ္စရေးကို ရာနှုန်းပြည့် ကူညီ ပေးသွားမယ်လို့ ပြောထားပါတယ်။

ဒုံးကျည်ပေါင်း ၂၀၀ နီးပါးလောက်နဲ့ အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် နေတန်ညာဟုက တီဟီရန်ဟာ အမှားကြီးကြီး တစ်ခု လုပ်လိုက်မိပြီလို့ ပြောကြားထားပါတယ်။

အီရန် ဒုံးကျည်တွေကို ကြားဖြတ် တားဆီးခဲ့တဲ့ ကွက်ကဲရေး စင်တာမှာ ရှိနေခဲ့တဲ့ အစ္စရေး ကာကွယ်ရေး ၏ဝန်ကြီးကလည်း တီဟီရန်ကို ပြစ်ဒဏ်ခတ်မယ်လို့ ကြွေးကြော်ထားပါတယ်။

လက်ဘနွန်ရှိ အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ တပ်မှူးတွေကို အစ္စရေးက တိုက်ခိုက် သတ်ဖြတ်မှုအတွက် လက်စားချေတဲ့အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် အတွင်း လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်ခဲ့ပြီးနောက် ပိုကြီးမားတဲ့ စစ်ပွဲ တစ်ပွဲမှာ အီရန်နဲ့ အမေရိကန် ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုမို မြင့်တက်လာခဲ့ တာပါ။

အီရန်က အစ္စရေးကို အောက်တိုဘာ ၁ ရက်မှာ ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဂါဇာရှိ အီရန် ထောက်ပံ့ထားတဲ့ ဟားမာ့စ် အဖွဲ့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်ရင် မိမိတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ဟစ်ဇဘိုလာအဖွဲ့က တုံ့ပြန်ထားပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ထိခိုက်သူ မရှိပေမယ့် အနောက်ဘက်ကမ်းခြေ ဒေသမှာ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

အစ္စရေးဆီ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် အတော်များများကို အမေရိကန် ရေတပ် သင်္ဘောတွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပင်တဂွန်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အရှိန်မြင့်ပြီးရင်း အရှိန်မြင့်တက်အောင် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို မိမိတို့ တားဆီးရမယ်လို့ ပြောဆိုပါတယ်။

အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး အစ္စရေး စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းသုံးခုကိုပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.