မော်လမြိုင် ၊ အောက်တိုဘာ ၃

အာဏာသိမ်း စစ်ကောင်စီက လုပ်ငန်းခွင်တွေမှာ အဓမ္မခိုင်းစေခံရသူတွေအနေနဲ့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် တိုင်ကြားပါက လက်တွေ့ ထိထိရောက်ရောက် ကူညီတာမရှိဘူးလို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီက အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်းကြားချက်တွေကို အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား NCM မှ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မည်သူမဆို လုပ်ငန်းခွင်တွေမှာ အဓမ္မခိုင်းစေမှုအတွက် တိုင်ကြားပါက စစ်ကောင်စီရုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မ ရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံးနဲ့ အခြားအဖွဲ့အစည်းတွေကတစ်ဆင့် တိုင်ကြားနိုင်သလို အလုပ် သမားဝန်ကြီးဌာနရုံးကတဆင့်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေး ကူညီနေသူတစ်ဦးကတော့ အဓမ္မခိုင်းစေခံရသူတွေအနေနဲ့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် သူတို့ကိုယ်တိုင်က ပုံစံအမျိုးမျိုးနဲ့ အလုပ်သမားတွေကို ဖိနှိပ်ထားသလို အာဏာပိုင်တွေကလည်း အလုပ်ရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာကြောင့် အကူအညီမရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒါကလေ သူတို့စာရွက်ပေါ်မှာ ကြေညာသွားတဲ့ဟာပေါ့နော်။ တကယ့်တကယ် အလုပ်သမားတွေကို ပြည်ပထွက်ခွင့်တောင်မှပဲ သူတို့အတင်းအဓမ္မ စည်းကမ်းချက်တွေထုတ်လိုက်၊ ကြေညာ ချက်တွေထုတ်လိုက်၊ ဥပဒေတွေ ထုတ်လိုက်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ သူတို့ကို တိုင်ကြားပါ၊ ကူညီပေးမယ်ဆိုတဲ့ ဟာကြီးကတော့ ကျွန်မအမြင်နဲ့ကတော့ ဟာသတစ်ခုလိုပဲပေါ့နော်။ လောလောဆယ် ကြည့်ပြန်တော့လည်း ဒီအာဏာပိုင်တွေနဲ့ အလုပ်ရှင်တွေနဲ့က ပူးပေါင်းတာတွေလည်း တွေ့ရတယ်။ အဲဒါတွေကျတော့ ထုတ်ဖော်ပြောလို့လည်း မရဘူး။ လုံးဝအဲဒါက အကူ အညီမရနေဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် အဓမ္မခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ စစ်ကောင်စီကို တိုင်ကြားပါက တော်ယုံအရေးမယူဘဲ ဖြစ်စဉ်တွေကို အချိန်ကြာမြင့်စွာစစ်ဆေးတဲ့အတွက် အလုပ်ကိုထိခိုက်ရတဲ့အပြင် ထိရောက်တဲ့ အရေးယူမှုမရှိတာကြောင့်လည်း အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီကို အယုံအ ကြည် မရှိနေဘူးလို့ သူကဆက်ပြောပါတယ်။

အလုပ်သမားအရေးကူညီနေသူ နောက်တစ်ဦးကလည်း အလုပ်သမားတွေကို လုပ်ငန်းခွင်တွေမှာ အလွန်အကျွံ ခိုင်းစေမှုတွေဟာ အာဏာသိမ်းကာလတစ်လျှောက်လုံး ရှိနေသလို တိုင်ကြားပါကလည်း အမှုအခင်း ရှင်းလင်းတဲ့ နေရာမှာ ကြန့်ကြာမှုရှိတဲ့အပြင် မရေရာတာကြောင့် ကြိတ်မှိတ်ပြီး လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“အချိန်ပိုတွေ အလွန်အကျွံ ခိုင်းတယ်။ အခြေခံလစာနည်းတဲ့အတွက်ကို တစ်နာရီကို နှစ်ဆလုပ်ပေးဆိုပြီး သူတို့က ခိုင်းတယ်ပေါ့ဗျာ။ ခိုင်းတဲ့အခါကျတော့ အလုပ်သမားတစ်ယောက်ကဗျာ တစ် နေ့ကို ၁၀ နာရီ/၁၂ နာရီ အလုပ်ကို ပုံမှန်လုပ်နေရတယ်။ အလုပ်သမား တစ်ယောက်ရဲ့ ပုံမှန်လွတ် လပ်မှု အခြားအခွင့်အရေးတွေက ဘာမှမရှိတော့ဘူး။ နောက်တစ်ခါ ဒီအမှုအခင်းတွေ ဖြေရှင်းတဲ့နေရာမှာ မရေရာတဲ့ သူတို့အတွက် ရပိုင်ခွင့်ရေရေရာရာ မဖြစ်တာတို့ဆိုတော့ အလုပ်သမားက တော်ယုံတန်ယုံ မတိုင်တော့ဘူး။ ကြိတ်မှိတ်ပြီး ခိုင်းတာလုပ်ရတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားအများစုဟာ အလုပ်သမားတွေရဲ့ ဥပဒေအရ အခြေခံရပိုင်ခွင့်ကိုသိရှိမှု နည်း ပါးတာကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ များလာသလို အရင်လို လွတ် လွတ်လပ်လပ် အလုပ်သမားအရေး မဆောင်ရွက်နိုင်တာကြောင့်လည်း အလုပ်သမားတွေ အဓမ္မ ခိုင်းစေခံနေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အဓမ္မခိုင်းစေခံရလို့ တိုင်းကြားပါကလည်း တချို့ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်းရှင်တွေဆီက အဂတိလိုက်စားပြီး အလုပ်သမားတွေရဲ့ အမှန်ကိုအမှားလုပ်ကာ ပိုမိုဖိနှိပ်တာတွေ လုပ်ဆောင်တဲ့အတွက် ငြိမ်ခံနေရတဲ့အခြေအနေဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေကို မတရားအသင်း ကြေညာတာ၊ သမဂ္ဂအဖွဲ့ဝင်ရာနဲ့ချီကို ဖမ်းဆီးထောင်ချထားတာတွေအပြင် မတရားဖမ်း ဆီးသတ်ဖြတ်တာတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ILO ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံအကျဆုံး အရပ်ဖက်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ သမဂ္ဂအဖွဲ့အစည်း တည်ထောင်ခွင့် အခွင့်အရေးတွေကို စစ်ကောင်စီက ကန့်သတ်မှုရှိနေသလို သူတို့ရဲ့ အကြုံပြုချက်တွေကိုလည်း လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.