မော်လမြိုင် ၊ အောက်တိုဘာ ၂

စစ်ကောင်စီ ကောက်ယူမယ့် လူဦးရေသန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်တာ မပြုလုပ်ကြဖို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တစ်ခုလို့ ဆိုပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်ကောင်စီ ကောက်ယူမယ့် လူဦးရေသန်ခေါင်စာရင်းအပေါ် အသိအမှတ်ပြု လက်ခံမှာမဟုတ်သလို လူထုတစ်ရပ်လုံးအနေနဲ့လည်း ပူးပေါင်းပါဝင်တာ မလုပ်ဖို့ တိုက်တွန်းတာပါ။

မွန်ပြည်သစ်ပါတီ AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ပူးပေါင်းမှု မပြုဖို့ဆိုတာဟာ ပြည်သူတွေအနေနဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အပေါ် တုံ့ပြန်တတ်ဖို့ လိုမယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ပူး‌ပေါင်းဆောင်ရွက်မှုမပြုဖို့ဆိုတာက နည်းနာတွေ အမျိုးမျိုးရှိပါတယ်။အိမ်ထောင်စုစာရင်းလာကောက်တဲ့အခါမှာ ရှောင်ပေးတာပဲ ဖြစ်ဖြစ်၊ နောက်ပြီး ရှောင်လို့မရတဲ့အခါကျရင် အဓိက မေးမယ့်မေးခွန်းအပေါ်မှာ မှန်ကန်တဲ့ဖြေဆိုမှု မလုပ်တာဖြစ်ဖြစ် ဒီလိုမျိုး လုပ်လို့ရတာ ရှိပါတယ်။နောက်တစ်ခုက အထူးသဖြင့် Sensitive ဖြစ်တဲ့ မေးခွန်းတွေမှာကျတော့ ကိုယ့်မှာ မဖြေပိုင်ခွင့်ရှိတယ်ဆိုလည်း တုံ့ပြန်တတ်ဖို့ လိုမယ်လို့ ကျွန်တော် ထင်တယ်”လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ တစ်နိုင်ငံလုံး စစ်မီးတောက်လောင်နေပြီး စစ်ဘေးရှောင်တွေများနေတဲ့အချိန် ရေဘေးဒုက္ခအကြီးအကျယ်ခံနေရတဲ့အချိန် အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် လူငယ်တွေ အခြားနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေချိန်ပါ။

ဒါ့အပြင် စစ်ကောင်စီက တိုင်းပြည်ရဲ့ တချို့တစ်ဝက်ကိုသာ ထိန်းချုပ်နိုင်တဲ့အခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ သန်းခေါင်စာရင်းမျိုး ရရှိနိုင်မှာ မဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီ AD က ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူရမှာလည်း မေးခွန်းအချို့ဟာ လူမျိုး၊ဘာသာစကားကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်လိုတဲ့ မေးခွန်းဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထောက်ပြထားတာပါ။

“လူမျိုး” မေးရမယ့်အစား အိမ်မှာ အဓိကပြောဆိုတဲ့ ဘာသာစကားလို့ အစားထိုးမေးမြန်းတာဟာ တိုင်းရင်းသားလူမျိုးတွေအားလုံးကို ဗမာမှုပြုလိုခြင်းဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD က ပြောပါတယ်။

စစ်ကောင်စီရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခု မေးမြန်းပြီး တစ်အိမ်တက်ဆင်းကာ စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ နဲ့ နိုင်ငံအနှံ့ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၆၀၀ ကျော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်အဖွဲ့တွေက ရပ်ကွက်ကျေးရွာအလိုက် လုံခြုံရေးချပြီး စာရင်းကောက်ယူနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.