သထုံ၊ အောက်တိုဘာ ၃

မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာရှိ သထုံအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်နဲ့ လူတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ထောင်အာဏာပိုင်တွေက အကျဉ်းသားမိသားစုဝင်တွေ ထောင်ဝင်စာပါဆယ်ပစ္စည်း လာပို့ရင် ပါဆယ်တစ်ထုတ်လျှင် ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀၊ ထောင်ဝင်စာတွေ့ခွင့်အတွက် ကျပ် ၅၀၀၀၀ ကနေ ကျပ်သိန်းနဲ့ချီ တောင်းခံနေတာပါ။

ဒါ့အပြင် စစ်ကောင်စီ ထောင်အာဏာပိုင်တွေဟာ ထောင်အတွက်ကုန်ကျတဲ့ ရေဖိုး၊ မီးဖိုး၊ ဆေးဝါးဖိုးတွေကအစ ငွေကြေးတောင်းခံတာတွေရှိနေပြီး ငွေကြေးမပေးနိုင်တဲ့ အကျဉ်းသားတွေအပေါ် ဖိနှိပ်တာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ထောင်ဝင်စာပါဆယ်ပစ္စည်းတွေ လာပို့ရင်လည်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေထံ ရက်လွန်ပြီးမှ ပေးဆောင်တာတွေ ရှိနေတဲ့အတွက် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ နေထိုင်မကောင်းဖြစ်ပါက ထောင်အာဏာပိုင် အောင်ခိုင်လတ်ထံ သွားရောက် သတင်းပို့ရာမှာလည်း ဆေးဝါးကုသပေးဖို့ ညွှန်ကြားတာမရှိသလို သေရင်မြေပေါက်ပြီး မြှုပ်လိုက်ဆိုပြီး မစာမနာပြောဆိုတာတွေ ရှိနေတယ်လို့ အကျဉ်းသားထောင်နဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း သထုံထောင်မှာ နိုင်ငံရေးအကျဉ်းသား ဦးသန့်ဇင်ဟာ ရင်ကြပ်ရောဂါကြောင့် အချိန်မီဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ အကျဉ်းသားတွေဟာ ရောဂါဖြစ်ပွားလာပါက မိသားစုဝင်တွေက ပေးပို့လာတဲ့ဆေးတွေနဲ့ အကျဉ်းသားအချင်းချင်း ပြန်လည်ဝေငှအသုံးပြုနေရတယ်လို့ သိရပါတယ်။

သထုံထောင်မှာ ဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှုတွေအပါအဝင် ငွေကြေးတောင်းခံမှုတွေနဲ့ ပတ်သက်ပြီး မွန် ပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ သံလွင်တိုင်းမ်က ဖုန်းနဲ့သုံးကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သထုံအကျဉ်းထောင်မှာ အကျဉ်းသားအကျဉ်းသူ ၇၀၀ ကျော် ရှိနေပြီး နိုင်ငံရေးအကျဉ်းသား ၂၂၅ ဦး ပါဝင် တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.