မြဝတီ၊ အောက်တိုဘာ ၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနအရှေ့ခြမ်းရှိ ဖလူးကြီးကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှစ်ဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြောက်တပ်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ လှမ်းပစ်ခတ်ခဲ့ရာ ဒေါနအရှေ့ခြမ်းရှိ ဖလူးကြီးကျေးရွာနဲ့ ဖလူးလေးကျေးရွာတွေထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဖလူးကြီးကျေးရွာရှိ စာသင်ကျောင်းဆောင် ၂ ဆောင် ထိမှန်ပျက်စီးရပြီး ကျောင်းသားကျောင်းသူ ဆရာဆရာမတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် ဖလူးလေးကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာတော့ ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုး သားတစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းရက်တွေအတွင်း KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီး စစ်ကောင်စီတပ်ရဲ့ စွယ်တော်အမြောက်ကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လေကြောင်းပစ်ကူတွေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေ လုပ်ဆောင်နေခဲ့တာပါ။

လေးကေကော်မြို့သစ်အနီး စစ်ကောင်စီတပ်ရဲ့ စွယ်တော်အမြောက်ကုန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က စခန်းကုန်းမကျရေးအတွက် လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံနေတာဖြစ်ပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အဓိကကျတဲ့ တပ်စခန်းတွေကို KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲအနေနဲ့ နေ့စဉ်နဲ့အမျှဖော်ဆောင်လျက်ရှိနေပြီး စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.