မကွေး အောက်တိုဘာ ၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားများ ဝန်းရံပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့အတူ သူတို့ရဲ့နီးစပ်သူတွေ ပါဝင်ပြီး ပညာရေးဝန်ထမ်း တချို့နဲ့ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးလိုက်ပါပြီး သန်းခေါင်စာရင်း ကောက်ယူနေတာပါ။

“အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ပါတယ်။ သားတွေ ချွေးမတွေပါတယ်။နောက်တစ်ခုက ကျောင်းဆရာမတွေပါတယ်။ ဘေးနားမှာစစ်သားတွေပါတယ်။ သန်းခေါင်စာရင်းကို Tablet တွေနဲ့တစ်ခါတည်း တန်းကောက်တဲ့ပုံစံမျိုး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့နားနီးတဲ့ ကျေးရွာတွေမှာသာသန်းခေါင်စာရင်း ကောက်ယူနိုင်သေးတာဖြစ်ပြီး လုံခြုံရေးတွေလည်းတင်းကြပ်စွာချထားတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ရာမှာ မပူးပေါင်းကြဖို့ဆိုတဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကြောင့် သန်းခေါင်စာရင်း ကောက်ယူမယ့်အထောက်ကူပစ္စည်းတွေကို ပြန်အပ်တာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ပျူစောထီးကျေးရွာတွေက သန်းခေါင်စာရင်း ကောက်ယူဖို့ ကြေညာနေတာဖြစ်ပြီး လက်တွေ့ ကွင်းဆင်း ကောက်ယူရာမှာတော့ ပျူစောထီးတွေအစား စစ်ကောင်စီတပ်သားတွေက ဝန်းရံပေးနေတာပါ။

“သူတို့ဘယ်သူတွေကောက်တယ်။ ဘယ်နေရာမှာကောက်တယ်။ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ အတိအကျသတင်းပေးလာကြတာ ရှိပါတယ်။ ဒီလူတွေကို သေချာမှတ်တမ်း ထားထားပါတယ်။ အများစုကတော့ စစ်တပ် အသိုင်းဝိုင်းတွေပါပဲ” လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်သူလူထုဆန္ဒအရ အရေးယူမယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မကွေးမြို့နယ် ကြားကာလ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း သန်းခေါင်စာရင်း ကောက်ယူရာမှပါဝင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာခွဲတာဝန်ခံတွေကို စာရင်းကောက်ယူထားပြီး ထိရောက်စွာအရေးယူမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်းတိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.