ဘန်ကောက်၊ အောက်တိုဘာ ၂

အခုနှစ်အကုန် ထိုင်းနိုင်ငံတဝန်းလုံးမှာ အနည်းဆုံး လုပ်ခလစာကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး ဖီဖတ် ရက်ချာကစ်ဖရန်ခန်က ပြောကြားလိုက်ပါတယ်။

ပါတီ သုံးရပ်ပါဝင်တဲ့ လုပ်ခလစာဆိုင်ရာကော်မတီ အနေနဲ့ လောလောဆယ်မှာ အဖွဲ့ဝင် နှစ်ဦး တရားဝင် ခန့်အပ်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ အလုပ်သမားကာကွယ်ရေး ဖူလုံရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့ကိုခန့်အပ်ဖို့ ရှိနေပါတယ်။

အရင်က အဲဒီ ရာထူးတွေမှာ တာဝန် ထမ်းဆောင်ခဲ့သူတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာ အနားယူသွားခဲ့ကြပြီး ဖြစ်ပါတယ်။

ဘွန်ဆွန် သက်ချိုင်ယွတ် ကို အောက်တိုဘာ ၁ ရက်မှာ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ခန့်အပ်မှုကို ဝန်ကြီးများအဖွဲ့သို့ တင်ပြထားပြီး လာမယ့် သီတင်းပတ်မှာ အတည်ပြုဖို့ စီစဉ်ထားပါတယ်။

အဲဒီ ကော်မတီအတွက် ကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ ပတ်သက်လို့ ထိုင်းဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

အခုနှစ် အကုန်မှာ အနိမ့်ဆုံး လုပ်ခလစာကို ဘတ် ၄၀၀ (အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ) အထိ တိုးမြှင့် သတ်မှတ်မှာ ဖြစ်ကြောင်း မိမိအနေနဲ့ အတည်ပြုနိုင်တယ်လို့ ဝန်ကြီး ဖီဖတ်က ပြောကြားထားပါတယ်။

လစဉ်လစာရတဲ့ အလုပ်သမားတွေ အနေနဲ့ အချိန်ပိုကြေး ရရှိရေး လာမယ့် နှစ်လ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ထိုင်း အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။

လစဉ်လခရရှိနေတဲ့ အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို နေ့စားအလုပ်သမားတွေ ရရှိနေတဲ့ နှုန်းထားနဲ့အညီ ပေးဖို့ ထိုင်းအစိုးရက စီစဉ်ထားပါတယ်။

အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ တစ်နာရီစာ လုပ်ခလစာရဲ့ ၁ ဒဿမ ၅ ဆ ရရှိအောင် ဆောင်ရွက်နေကြောင်းလည်း အလုပ်သမားဝန်ကြီးက ပြောပါတယ်။

ပိတ်ရက်တွေမှာ အလုပ်ဆင်းရရင် လစာရဲ့ သုံးဆ ရရှိမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဖီဖတ်က ပြောကြားထားပါတယ်။

Ref:The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.