ဘီးလင်း၊ အောက်တိုဘာ ၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအခြေစိုက် တောင်စွန်းကုန်ထုတ်အကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

“ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ကျောက်ထုတ်စခန်းက ဝန်ထမ်းတွေက ပြန်ပစ်ချိန်တောင် မရလိုက်ဘူး။ အကုန်ပုန်းကြတာ။ တစ်ယောက်တော့ထိသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် အကျဉ်းဦးစီးဌာနဝန်ထမ်းဖြစ်တဲ့ တပ်ကြပ် မြင့်ဇော်ဝင်းဟာ တင်ပါး ကျည်ဖောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ကတော့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တောင်စွန်းကုန်ထုတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.