နေပြည်တော် ၊ စက်တင်ဘာ ၂၈

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တော်လှန်ရေးအဖွဲ့တွေကို ကမ်းလှမ်းဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး အချက် ၃ ချက်ကြောင့်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာတွေမှာ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင် ငံရေးပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တာပါ။

အကြောင်းရင်းကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပါဝင် ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေနဲ့အတူ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ သဘောဆန္ဒတွေကြောင့်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က တိုင်းပြည်အခြေအနေဆိုးနေတာဟာ ဘယ်သူ့ ကြောင့်မှ မဟုတ်ဘဲ စစ်တပ်အာဏာသိမ်းလို့ ဖြစ်တာကြောင့် စစ်တပ်က လက်နက်အရင်စွန့်ရမှာလို့ သုံးသပ်ပါတယ်။

“တိုင်းပြည်ဒီလောက် အခြေအနေဆိုးနေတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူးလေ။ သူတို့ကြောင့်ပဲ ဖြစ်တဲ့ကိစ္စကြီး၊ စစ်တပ်ကြောင့်ပဲဖြစ်တာဗျ။ ဦးသိန်းစိန်အစိုးရခေတ်ပဲ ဖြစ်ဖြစ် NLD အစိုးရခေတ်ပဲဖြစ်ဖြစ် ဒီမိုကရေစီအပြည့်အဝမရသေးဘူးဆိုပေမယ့် တိုင်းပြည်တစ်စုံတစ်ရာ တည်ငြိမ်တယ်။ တိုက်ပွဲတွေဘာတွေ တော်တော့်ကို အရှိန်လျော့သွားပြီးပြီ။ တကယ့်ပြည်တွင်းငြိမ်းချမ်းရေးတော့ မတည်ဆောက်နိုင်ဘူးပေါ့ဗျာ။ တိုင်းပြည်ကြီးက တော်တော့်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှေ့တက်ဖို့ လုပ်နေတဲ့အခါမှာ သူတို့အာဏာသိမ်းလို့ ဖြစ်တာလေ။ အဲဒီတော့ သူကတခြားလူတွေကို လက်နက်စွန့်ပြီး နိုင်ငံရေး စားပွဲဝိုင်းလာပါလို့ ခေါ်တယ်။ သူတို့‌ ရော လက်နက်စွန့်နိုင်လို့လား။ သူတို့အရင်စွန့်ရမှာ”လို့ ဆိုပါတယ်။

စစ်ကောင်စီက ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်တဲ့အတွက် ပြည်သူတွေ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ အရေး ကြီးတာကြောင့် ဒါကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အလျင်အမြန်ဆောင်ရွက်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့ လိုတာကြောင့် လူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရတာလို့ ဆိုပါတယ်။

တစ်ဘက်မှာ နိုင်ငံတကာပြိုင်ဆိုင်မှုတွေကြားမှာ ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာတာကြောင့် ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး နိုင်ငံ ရေးဆွေးနွေးဖို့ ကြေညာရတာလို့ စစ်ကောင်စီက ပြောပါတယ်။

တတိယအချက်အနေနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ တချို့ တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေကြောင့်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုအပေါ် စိတ်မဝင်စားသလို လက်မခံဘူးလို့ ပြောဆိုထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.