မကွေး၊ စက်တင်ဘာ ၂၈

မကွေးတိုင်း ဆောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ဖြစ်ပေါ်လာတဲ့ တောင်ကျချောင်းရေကြောင့် စစ်ရှောင်သားအမိနှစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ ရက်နေ့က ပိန်းချောင်းမှာ တောင်ကျချောင်းရေမြင့်တက်လာပြီး ချင်းပြည် နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မြိုင်ရိပ်ဝေစစ်ရှောင်စခန်းကို ရေဝင်ရောက်ခဲ့တာပါ။

အဲဒီလို ရုတ်တရက် ရေကြီးမှုကြောင့် ချင်းအမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့အငယ်ဆုံးသားဖြစ်သူတို့ဟာ ရေထဲမျောပါသွားကြောင်း၊ မျောပါချိန်ကလေးနောက်ကျောမှာ မြွေကိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေ သခံတွေက ပြောပါတယ်။

အဲဒီလို ရေစီးနဲ့အတူမျောပါသွားတဲ့ သားအမိနှစ်ယောက်ထဲက ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူကို လိုက်လံရှာဖွေနေပေမယ့်လည်း လက်ရှိအချိန်အထိ မတွေ့ရှိရသေးဘူးလို့ ဆိုပါတယ်။

မင်းတပ်မြို့နယ်က တိုက်ပွဲတွေကြောင့် ပြောင်းရွှေ့လာကြတဲ့ စစ်ရှောင်တွေဟာ အဲဒီစစ်ရှောင်စခန်းတည်ရှိရာ ပိန်းချောင်းအနီးမှာ ယာယီတဲတွေထိုးပြီး ခိုလှုံနေထိုင်ကြတာပါ။

ပိန်းချောင်းရေ မြင့်တက်လာတာကြောင့် စစ်ရှောင်စခန်းက ယာယီတဲပျက်စီးတာတွေလည်း ရှိနေပြီးတော့ အသုံးအဆောင်ပစ္စည်းတွေအကုန်လုံးနီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပိန်းချောင်းရေဟာ ကျဆင်းသွားပြီဖြစ်တယ်လို့သိရပြီး စစ်ဘေးရှောင်တွေအတွက် အသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.