နေပြည်တော် ၊ စက်တင်ဘာ ၂၈

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ ရက်ပိုင်းအလိုမှာ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီက ကမ်းလှမ်းလာပါတယ်။

စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ကဏ္ဍတွေမှာ အရေးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ဖိတ်ခေါ်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ ကြေညာချက်ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်ချခိုင်းပြီး နိုင်ငံရေးပါ တီအဖြစ်တည်ထောင်ကာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ဆွေးနွေးရမယ်ဆိုတဲ့ သ ဘောမျိုးပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့ ပြောနေတာတွေအကုန်လုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လုပ်တာဖြစ်တဲ့အတွက် လက်ရှိအခြေ အနေနဲ့ သဟဇာတမဖြစ်တော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလိုမျိုး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်။ ရွေးကောက်ပွဲတွေ ဘာညာလျှောက်ပြီးတော့ ပြောနေတာတွေက အကုန်လုံးက ၂၀၀၈ အောက်မှာ လုပ်မယ့်ဟာတွေ။ ဒီနေ့ဒီကာလမှာ လုံးဝအ ခြေအနေနဲ့ကို သဟဇာတမဖြစ်တော့ဘူး။ ပြောစရာကို မလိုတော့တာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဖြစ်ရမယ့်ဟာက စစ်တပ်နိုင်ငံရေးက စွန့်လွှတ်ပြီးတော့ စစ်တပ်အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး နောက်ဆုံးကျ တစ်နေ့မှာတော့Professional Army အနေနဲ့ အရပ်သားအုပ်ချုပ်မှုအောက်မှာရှိရမယ်ဆိုတာ သူတို့ လက်ခံရမယ်။ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့လုပ်တော့မှာ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ မဲစာရင်းအတွက် အထောက်အကူပြုမယ့် သန်း ခေါင်စာရင်းကို ကောက်ယူတော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ အားသွန်ခွန်စိုက် ဆောင်ရွက်‌နေတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် လက်နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက် ရှုလို့ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ဆိုပြီး အကြောင်းပြထားတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ထင်တိုင်းကြဲ သတ်ဖြတ်နှိပ်စက်ထောင်ချပြီးမှ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းတာဟာ ဟာသယရွှင်ဆေး တိုက်ကျွေးတာလို့ ဝေဖန်ပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာ ယဉ်‌ကျေးတဲ့ လူ့အသိုင်းအဝိုင်းက လက်ခံပြီးသားပါ။ ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီက ဘီလူးဆိုင်းနဲ့ ပြည်သူတွေကို ထင်တိုင်းကြဲ သတ်ဖြတ်နှိပ်စက်ညှဉ်းပန်း ထောင်ချခဲ့ပြီးမှ အခုလိုမင်းသားခေါင်းဆောင်းပြီး ငြိမ်းချမ်းရေးစကား ကမ်းလှမ်းတယ်ဆိုတာ နိုင်ငံတကာနဲ့ ပြည်သူတွေကို ဟာသယရွှင်ဆေး နောက်ထပ်တိုက်ကျွေးတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်တပ်က နိုင်ငံရေးကနေထွက်ခွာပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ပြည်ထောင်စုတစ်ရပ် မပေါ်မချင်း စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်သွားဖို့နဲ့ သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က စစ်ကောင်စီဟာ အာဏာသိမ်း စစ်တပ်ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲခေါ်ယူဖို့ တရားဝင်မှုမရှိဘူးလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“သူက တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းယူထားတဲ့ အာဏာသိမ်းစစ်တပ်ဖြစ်တယ်။ အဲဒီအ တွက် သူ့မှာနိုင်ငံရေးဆွေးနွေးပွဲကို ခေါ်ယူဖို့ဆိုတဲ့ တရားဝင်မှု Legitimacy မရှိဘူးလို့ ကျွန်တော်တို့က မြင်တယ်။ နောက်ပြီး ဖော်ပြထားတာ ကျွန်တော်တို့ကို လက်နက်ချပြီးမှ နိုင်ငံရေးပါတီတွေ ဖွဲ့ စည်းပြီး ရွေးကောက်ပွဲဝင်ဖို့ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ အကြောင်းအရင်းကို သူသိဖို့လိုတယ်”လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဖြစ်သလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် စနစ်ပြောင်း တော်လှန်ရေးကို ဦးတည်နေကြတာပါ။

ဒီအတွက်ကြောင့် စစ်ကောင်စီအနေနဲ့ စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ရင်ဆိုင်လာခဲ့ရတဲ့အတွက် တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်စခန်းပေါင်း ရာနဲ့ချီဆုံးရှုံးခဲ့ရသလို မြို့ပေါင်း ၈၀ နီးပါးကိုလည်း လက်လွှတ်ထားရတာပါ။

တစ်ဘက်မှာ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲကာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တွန်းတင်နေသလို နီးစပ်ရာ EAO တချို့ကိုလည်း ဖိအားပေးနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာမက အရင်က PDF တွေကို စစ်ကောင်စီက လက်နက်ချအလင်းဝင်ခိုင်းပြီး ဆုကြေးငွေ ထောက်ပံ့ပေးတဲ့ အဆင့်ကနေ နိုင်ငံရေးစားပွဲဝိုင်းပေါ် ဆွေးနွေးဖို့အထိ ရောက်ရှိလာတာပါ။

96 Soldiers PDF တာဝန်ခံ ကိုဇေယျာလွင်ကတော့ ရွေးကောက်ပွဲဝင်ဖို့ မပြောနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ေတာင် စိတ်မဝင်စားသလို အားလုံးရဲ့ ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဖြစ်တယ်လို့ ပြောပါတယ်။

“အဲဒီ ရွေးကောက်ပွဲဝင်ဖို့ မပြောနဲ့ သူတို့နဲ့ ဆွေးနွေးဖို့တောင် ကျွန်တော်တို့ စိတ်ဝင်စားဖွယ်မရှိဘူး။ စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ကျွန်တော်တို့မှ မဟုတ်ဘူး တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်အဖွဲ့အစည်းမဆို သူတို့နဲ့ ဆွေးနွေးဖို့ လက်ရှိအချိန်မှာ စိတ်ကူးတောင် ထည့်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ အားလုံးရဲ့ ဘုံရည်မှန်းချက်က စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်ရေးဖြစ်တယ်။ အဲဒီအတွက်ကြောင့် အဲဒီရည်မှန်းချက်အတိုင်းပဲ ဆက်သွားကြမှာလို့ ကျွန်တော် နားလည်ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

စစ်တပ်မပါတဲ့ နိုင်ငံရေးအခင်းအကျင်းကိုသာ တော်လှန်ရေးအင်အားစုတွေက လိုလားယုံကြည်တာကြောင့် စစ်တပ်ကနေ ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ အဆင်ပြေနေတဲ့ အခင်းအကျင်းမဟုတ်ဘူးလို့ သူကထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖိတ်ခေါ်ထားပေမယ့် PDF အဖွဲ့တွေကို ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် အရေးနိမ့်မှုတွေကြောင့် စစ်မတိုက်ဘဲ နိုင်ငံရေးစားပွဲဝိုင်းပွဲ ငြိမ်းချမ်းရေးစကားပြောကြားလိုတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ PDF တွေကို အကြမ်းဖက်ဆိုတဲ့ စ ကားလုံးနဲ့ သုံးနှုန်းထားပါသေးတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ NUG ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဆွေး နွေးရေး ဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.