ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အိမ်ရှင်နိုင်ငံရဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာသင့်ကြောင်း အလုပ်သမားအဖွဲ့တွေတိုက်တွန်း

ဘန်ကောက်၊ စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအများစုအပါအဝင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အာ ဏာပိုင်တွေက စစ်ဆေးဖမ်းဆီးအရေးယူတာတွေ ပိုမိုလုပ်ဆောင်လာနေပြီး မြန်မာရွှေ့ပြောင်းအ လုပ်သမားတွေကို ထိုင်းနိုင်ငံသားအချို့က ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကျင့်သုံးနေထိုင်ဖို့ အလုပ် သမားအရေးဆောင်ရွက်သူ ဦးအောင်ကျော်က တိုက်တွန်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့သလို စက်တင်ဘာ ၂၃ ရက်နေ့ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာလည်း ထိုင်းနိုင်ငံသားအနည်းငယ်က ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သ မားအရေးနဲ့ပတ်သက်လို့ ဆန္ဒပြတောင်းဆိုတာ တွေရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေရဲ့ တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အရ မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးစစ်ဆေး အရေးယူတာတွေ ပိုမိုလုပ်ဆောင်လာနေပြီး ရွှေ့ပြောင်းလုပ် သားတွေလုပ်ခွင့်မရှိတဲ့ အလုပ်တွေမှာလည်း ဝင်ရောက်စစ်ဆေး အရေးယူတာတွေလည်းရှိနေခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးလည်းဖြစ်၊ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောခွင့်ရသူ ဦးအောင်ကျော်ကတော့ အခုလို ပြောပါတယ်။

“ကျွန်တော်တို့က တိုင်းတစ်ပါးကိုရောက်နေတဲ့ ဧည့်သည်နိုင်ငံသားပါ။ ကျွန်တော်အပါအဝင် ရွှေ့ ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အားလုံးက ဧည့်သည်နိုင်ငံသားတွေပါ။ ဧည့်သည်ဖြစ်တဲ့အခါမှာ လက်ရှိဆိုက်ရောက်ရာနိုင်ငံဖြစ်တဲ့ အိမ်ရှင်နိုင်ငံရဲ့ တည်ဆဲဥပဒေဘာလဲဆိုတာကို နံပါတ်တစ် ကျွန်တော်တို့ လေ့လာသင့်ပါတယ်။ အဲဒီဥပဒေပါ ပြဌာန်းချက်တွေအားလုံးကို ကျွန်တော်တို့အားလုံးက လိုက်နာနေမယ်ဆိုရင် အခုလတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြသနာဆိုတာ လုံးဝမပေါ်ပေါက်လာနိုင်ပါဘူး။ ဒီထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးမှ ထိုင်းတွေကဆန္ဒပြပြီးမောင်းထုတ်တာတွေဖြစ်တယ်ဆိုတာ အမှန်တိုင်းပြောရရင် ကျွန်တော့်နိုင်ငံသားတွေ ချိုးဖောက်ခဲ့လို ကျွန်တော့်နိုင်ငံသားတွေ မဆင်မခြင်လုပ်ခဲ့လို့ အဲဒီကိစ္စဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ သိုသိုသိပ်သိပ်နေပါ။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးပြီးနေထိုင်ပါ။ ဒါဆိုရင် ကျနော်တို့ ဥပဒေဘောင်အတွင်းကနေ နေထိုင်လို့ရမယ်” လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ဇွန်လ ၅ ရက်နေ့ကနေ ဩဂုတ်လ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၇၈ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများအစု အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမား ၂ သိန်းကျော်ကို စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမား ၉၀၀ ကျော်အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး ထိုင်းအာဏာပိုင်တွေက ရွှေပြောင်းအလုပ်သမားတွေအပေါ်ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေ ပိုမိုလုပ်ဆောင်လာနေတဲ့အချိန် တဖက်မှာလည်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံသား အထောက်အ ထားမဲ့ တရားမဝင်အလုပ်သမားတွေကို ပန်းရောင်ကတ်(အလုပ်သမားကတ်) ပြုလုပ်ပေးဖို့ ထိုင်းအစိုးရဘက်က ဆွေးနွေးပြောဆိုတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.