သံဖြူဇရပ်၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်တွေ ဖမ်းဆီးခံရပြီးနောက် လူမှုကူညီရေးအသင်းအများစု ကူညီရေးလုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ တတိယအပတ်အတွင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ကိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တာ၊ လက်နက်ပို့ ဆောင်ရာမှာ ပါဝင်ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာပါ။

ပိုင်ရှင်မဲ့ လူမှုကူညီအသင်းဝင်တွေ ဖမ်းဆီးခံရတာဟာ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှစ်ဖက်ကြားညှပ်ပြီး အဖမ်းခံရတာလို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ကျန်တဲ့လူမှုကူညီရေးအသင်းတွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စိုးရိမ်လာကြတာပါ။

အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းဝင်တွေရဲ့ ပြောပြချက်အရ သံဖြူဇရပ်မြို့နယ်မှာ လူမှုကူညီရေးအဖွဲ့ ၁၀ ဖွဲ့ ရှိပြီး လက်ရှိမှာတော့ အဖွဲ့ ၇ ဖွဲ့ထက်မနည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးအသင်းတွေ လုပ်ငန်းရပ်နားလာတာကြောင့် နောက်ဆက်တွဲအဖြစ် ဒေသတွင်းက လူနာတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အရေးပေါ်သွားလာဖို့ အခက်ခဲတွေဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်တွေကို စစ်ကောင်စီဘက်က သံဖြူဇရပ်အ ခြေစိုက်တပ် ဝဲကလိစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေပြီး လက်ရှိအချိန် မပြန်လွှတ်ပေးသေးဘူးလို့ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ အာဏာသိမ်းကာလအတွင်း လူမှုကူညီရေးအသင်းဝင်သုံးဦးကို စစ်ကောင်စီက လူနာသွားပို့စဉ် ညမထွက်ရအမိန့် ဖောက်ဖျက်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ဓာတ် ပုံရိုက်ပြီး လူမှုကွန်ရက်အပေါ် တင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.