ရေး၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ် ရေးမြို့ ကလော့လေးဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုနေတဲ့ အငြိမ်းစားကျောင်းဆရာတစ်ဦး ရိုက်နှက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ အသက် ၆၀ ကျော်အရွယ် အငြိမ်းစားကျောင်း ဆရာ ဦးဘုန်းအောင်ကို ကျောင်းနေဘုန်းကြီးတစ်ပါးက ရိုက်နှက်ခဲ့တဲ့အတွက် ဦးခေါင်းမှာပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ရိုက်နှက်ခံရတဲ့ အငြိမ်းစားကျောင်းဆရာကို ရေးဆေးရုံကနေ မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အငြိမ်းစားကျောင်းဆရာဟာ သမီးဖြစ်သူကို တွေ့ဖို့ ပဲခူးမြို့ကနေ ဆင်းလာပြီး အဲဒီဘုန်းကြီးကျောင်းမှာ တည်းခိုစောင့်ဆိုင်းနေတာဖြစ်ကြောင်းနဲ့ ဘယ်လိုပြဿနာဖြစ်ပြီး ရိုက်နှက်ခံရလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

အငြိမ်းစားကျောင်းဆရာကို ရိုက်နှက်သတ်ဖြတ်မှု ကျူးလွန်သွားတဲ့ ကျောင်းနေဘုန်းကြီးကတော့ ထွက်ပြေးသွားတဲ့အတွက် ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

အငြိမ်းစားကျောင်းဆရာ ဦးဘုန်းအောင်ဟာ ရေးမြို့ပေါ်က အခြေခံပညာကျောင်းတွေမှာ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အနေအေးသူဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုယက်မှုတွေအပြင် ပစ္စည်းလုသတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.