နေပြည်တော် ၊ စက်တင်ဘာ ၂၇

အမေရိကန်က မြန်မာ့ပြည်တွင်းရေးကို မတည်မငြိမ်ဖြစ်အောင် ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ငွေကြေးထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီက စွပ်စွဲလာပါတယ်။

အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကို ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မြန်မာပြည်သူလူထုရဲ့ မိတ်ဆွေအစစ်ဖြစ်တဲ့ တရုတ်နိုင်ငံဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

MNDAA နဲ့ TNLA တို့ဟာ NUG နဲ့ စစ်‌ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စစ်ကောင်စီကတော့ NUG က အမေရိကန်ကနေ နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့်ရရှိပြီး MNDAA TNLA တို့နဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံကို အလုံးစုံ ပျက်သုဉ်းရေးလမ်းကြောင်းပေါ် ဆွဲတင်နေကြတာလို့ စွပ်စွဲထားတာပါ။

နိုင်ငံအတွင်းရှိ အစိုးရကိုဆန့်ကျင်နေတဲ့ EAO အမည်ခံ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့မှုတွေပေးပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာကြောင့် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ စစ်ကောင်စီက ပြောပါတယ်။

မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က အခုလို ငွေကုန်ခံနေတာဟာ နိုင်ငံအတွင်း သူတို့ရဲ့ အကျိုး စီးပွားတွေရှိလို့ မဟုတ်ဘဲ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို ထိုးနှက်နိုင်ဖို့သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် တစ်ဘက်က တန်ပြန်ပေးလာတဲ့ အကူအညီဖြစ်ပြီး ဒါကို ဆတ်ဆတ်ထိမမခံ ဖြစ်နေတာလို့ သုံးသပ်ပါတယ်။

“ကိုယ့်ဘက်က လုပ်ရပ်ကြောင့် တစ်ဘက်က တန်ပြန်ပြီးပေးလာတဲ့ အကူအညီပဲဖြစ်တယ်လို့ မြင်တယ်။ ဒါပေမယ့် သူ့ဘက်က (စကစ) ဆတ်ဆတ်ထိ မခံဖြစ်တာပေါ့နော်။တကယ်လို့ သူ့အနေနဲ့ ဒါမျိုးကို မကြိုက်ဘူးဆိုရင် ဒီလိုကြေညာချက်ထုတ်တာထက် အမေရိကန်သံရုံးကိုခေါ်ပြီးကန့်ကွက်တာ ပိုပြီးကောင်းတာပေါ့။ဒါဆိုရင်တော့ တရားဝင်တာပေါ့။အခုထုတ်ပြန်ချက်ကတော့ အိတ်ဖွင့်ပေးစာ သဘောမျိုးဆန်တာပေါ့” လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူဘက်ကပြောရရင် စစ်ကောင်စီရဲ့ နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲတာ၊ဖမ်းဆီးသတ် ဖြတ်တာစတဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့ဆိုရင် ပြည်သူတွေမှာလည်း အကူအညီလိုတယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

ဒီအတွက် နည်းပညာနဲ့ စားဝတ်နေရေးအကူအညီတွေ လိုအပ်တာကြောင့် နိုင်ငံတကာက အကူအ ညီပေးဟာ သင့်တော်မျှတပြီး တရုတ်ဘက်က အကူအညီပေးရင်လည်း ပိုကောင်းတယ်လို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီကတော့ တရုတ်နိုင်ငံဟာ မြန်မာကို အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ကူညီပေးပြီး နယ်စပ်တလျှောက် MNDAA နဲ့ TNLA တို့ကို ဖိအားပေးကာ နယ်စပ်ဂိတ်တွေကို ပိတ်ဆို့တာအပါ အဝင် အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က MNDAA အနေနဲ့ NUG နဲ့ စစ်ရေးနိုင်ငံ‌ရေးအရ ပူး‌ပေါင်းမှာမဟုတ်ဘဲ အပစ်ခတ်ရပ် စဲပြီး တရုတ်နဲ့ ပူးပေါင်းကာ နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုပြီး ကြေ ညာခဲ့တာပါ။

ဒါ့အပြင် တရုတ် ဒါမှမဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းတာ မဆက်ဆံတာ မဟာမိတ်မဖွဲ့တာဟာ MNDAA ရဲ့ နိုင်ငံရေး Redline ဖြစ်တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို အဆိုးဝါးဆုံးသော စစ်ရေးဆိုင်ရာ ရှုံးနိမ့်မှုတွေများစွာ ရင်ဆိုင်စေခဲ့တဲ့ ၁၀၂၇ စစ် ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်း MNDAA နဲ့ TNLA တို့ဟာ ရှမ်းမြောက်ရှိ မြို့ ပေါင်း ၁၆ ခုထက်မနည်း သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.