default

လားရှိုး ၊ စက်တင်ဘာ ၂၆

နှစ်ဘက်တိုက်ပွဲငြိမ်သက်နေတဲ့ လားရှိုးမြို့ကို စစ်‌ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတားအဆီးဖြစ်စေခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ MNDAA သိမ်းယူထားတဲ့ လားရှိုးမြို့ကို အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်က လေကြောင်းကနေ မကြာခဏထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီအတွက်ကြောင့် အရပ်သားတွေအများအပြားသေဆုံးခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်လိုမျိုး အများပြည်သူပိုင်နေရာတွေနဲ့ အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ MNDAA က ဆိုပါတယ်။

လားရှိုးမြို့ကို စစ်တပ်ရဲ့ လေကြောင်းတိုက်က်ခိုက်မှုတွေထဲမှာ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲနဲ့ ၄ နာရီ ဖြစ်စဉ်တွေမှာ‌တော့ အရပ်သား ၁ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိထားတာပါ။

ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၂ နာရီကျော်မှာ အေးချမ်းတိတ်ဆိတ်နေတဲ့ ညချမ်းကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေက ဖျက်ဆီးခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

၅ မိနစ်ကြာတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ရပ်ကွက် ၁၂ နဲ့ လားရှိုးနည်းပညာတက္ကသိုလ် ဆက်စပ်နေတဲ့ နည်းပညာအထက်တန်းကျောင်းအနီးမှာ ပေါင်ချိန်များတဲ့ ဗုံးလေးလုံးကို ဆက် တိုက်ကြဲချခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းအပြင်နဲ့ အနီးနားရှိ ဘုန်းတော်ကြီးကျောင်းနဲ့ အများပြည် သူပိုင် အဆောက်အဦးတွေ ဆိုးရွားစွာပျက်စီးခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြို့နေပြည်သူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ကြရသလို ပြည်သူတွေရဲ့ နေထိုင်မှုဘဝတွေ ထိခိုက်ခဲ့ရပြီး တိုက်ပွဲပြီးကာလမှာ လားရှိုးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း အတားအဆီးဖြစ်စေခဲ့တယ်လို့ MNDAA က ထုတ်ပြောလာတာပါ။

တစ်ဘက်မှာ လူ့အခွင့်အရေးကိုနင်းချေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ဖို့ လုပ်ဆောင်နေသူတွေရဲ့ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမှာ သေချာတယ်လို့ စစ်ကောင်စီကို သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.