မကွေး စက်တင်ဘာ ၂၆

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ပါဝင်ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပွင့်ဖြူ-ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံသူတွေအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ပွင့်ဖြူ ပကဖ က စက်တင်ဘာ ၂၅ ရ​က်မှာ ထုတ်ပြန်ထားတာပါ။

“အဓိကကတော့ Non CDM အုပ်စုတွေကို စစ်ကောင်စီက ဦးတည်ပြီးတော့ အသုံးပြုလာနိုင်တယ်။ ဒီထဲမှာ ဆရာ၊ဆရာမတွေ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေပါနိုင်တာပေါ့။ သူတို့ကို သိစေချင်တာပေါ့ ပြည်သူတွေပေးတဲ့လစာကိုစားပြီး စစ်ကောင်စီသက်ဆိုးရှည်မယ့်အလုပ်မှာ မပါဝင်စေချင်တာပါ” လို့ ပွင့်ဖြူ-ပကဖ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံကတစ်ဆင့် သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စကို သိရတာဖြစ်ပြီး လာမယ့်အောက်တို​ဘာ ၂ ရက်မှာ ကောက်ယူမယ်လို့လည်း ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်သူတွေကို မှတ်သားထားပြီးတော့ သက်ဆိုင်ရာ ခရိုင်အဆင့်၊ တိုင်းအဆင့် ကွပ်ကဲရေးတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားရာနယ်မြေနဲ့ဝေးရင်လည်း သေချာမှတ်သားထားပြီး ပြည်သူလူထုအနေနဲ့ သတင်းပေးပို့ကြဖို့ အကူအညီ တောင်းခံထားပါသေးတယ်။

ပြီးခဲ့တဲ့ ​ဩဂုတ်လနဲ့ စက်တင်​ဘာလအတွင်း ပွင့်ဖြူမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဝန်းကျင်သေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားပါသေးတယ်။

သတင်း – သံလွင်တိုမ်းမ်
ဓာတ်ပုံ – MOI
ပုံစာ – ပွင့်ဖြူမြို့နယ်မှာ ကျင်းပတဲ့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.