တနင်္သာရီ၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိ ခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံကနေ သိရပါတယ်။

စစ်ကောင်စီဘက်က တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ခြောက်မိုင်ရွာနဲ့ ဘန်လောကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား စက်တင်ဘာ ၄ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တစ်နေ့လျှင် အနည်းဆုံး ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ရက်ပေါင်း ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီထံမှ သေနတ် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရ မိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ပြန် ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှာ အလင်းဝင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တနင်္သာရီ ဗောဓိကမ်းတံတားမှ စစ်ကြောင်းထိုးလာချိန် မြို့ပေါ်က အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ဘန်လောရွာရောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးချိန် ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် ကျွဲထိန်းကုန်း၊ ဘန်လော၊ ဘန်လင်နဲ့ ညောင်ပင်ကုန်းကျေးရွာတွေက ဒေသခံ အရပ် သားပြည်သူ ၄ ဦးသေ ဆုံးခဲ့သလို ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘန်လောကျေးရွာအုပ်စုဘက်မှာ ဆက်ရှိနေပြီး စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ဘန်လမွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

ဒီတိုက်ပွဲတွေကိုတော့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁၊ စစ်ကြောင်း ၂၊ KNLA တပ်ရင်း (၁၁)၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့ (ပုလော ပကဖ)၊ ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့နဲ့ ADF ဒရုန်းအဖွဲ့စတဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်ကလည်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာထဲကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ အဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Myeik PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.