မော်လမြိုင် ၊ စက်တင်ဘာ ၂၇

နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တဲ့အ တွက် လာမယ့်ဆန်စပါးရာသီမှာ ဆန်ဈေးနှုန်းကြီးမြင့်လာနိုင်ပြီး ပို့ကုန်ကဏ္ဍပါ ထိခိုက်နိုင်တယ်လို့ ဆန်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ရေကြီးနစ်မြှုပ်မှုကြောင့် တိုင်းနဲ့ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တယ်လို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင် ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။

စပါးစိုက်ဧက ၁၄ သန်းကျော် ရှိတဲ့ မြန်မာနိုင်ငံဟာ အခုရေဘေးမှာ စိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက် စီးခဲ့တဲ့အတွက် ရာခိုင်နှုန်းအနေနဲ့ ငါးရာခိုင်နှုန်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆန်လုပ်ငန်းရှင်တစ်ဦးကတော့ ရေကြီးနစ်မြှုပ်မှုကြောင့် စပါးထွက်နှုန်း လေးရာခိုင်နှုန်းထက်မနည်း ကျဆင်းလာနိုင်ပြီး ပြည်ပတင်ပို့မယ့် ဆန်စပါးအရေအတွက် လျော့ကျလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီရေဘေးက စပါးထွက်နှုန်း လေးရာခိုင်နှုန်းလောက် ထိခိုက်သွားနိုင်တယ်။ ကျွန်တော်တို့ ပို့ကုန်က ၂၀ ရာခိုင်နှုန်းရှိတယ်ဆိုတော့ ပို့ကုန်တန်ဖိုးကျတာမျိုး ဖြစ်နိုင်တယ်။ ပို့ကုန်ပမာဏတစ်ခုလျော့သွားမယ်။ ဥပမာ အစက ၂၀ ရာခိုင်နှုန်း ပို့နိုင်ရာကနေ ဒီနှစ် ၁၇ ရာခိုင်နှုန်းပဲ ပို့နိုင်တော့မယ်။ ၁၆ ရာခိုင်နှုန်းပဲ ပို့နိုင်တော့တယ် ဖြစ်သွားနိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စပါးစိုက်ပျိုးမှုနဲ့ ပျက်စီးမှုကို နှိုင်းယှဉ်ပါက ပြည်တွင်းစားသုံးမှုကို ထိခိုက်မှုမရှိနိုင်ပေမယ့် ဆန်စပါးထွက်ရှိတဲ့ အပေါ်မူတည်ကာ ဆန်ဈေးနှုန်း ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တောင်သူတစ်ဦးကတော့ ရေကြီးနစ်မြုပ်မှုကြောင့် စပါးထွက်ရှိမှုနှုန်း တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း ၄၀ လောက် ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ မျိုးစပါးပေးရင်တောင် စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

“တစ်ဧကရဲ့ အတိုင်းအတာနဲ့ဆိုရင် ကျွန်တော်တို့ ဆုံးရှုံးနစ်နာမှုက ကောက်စိုက်ခ၊ မျိုးနုတ်ခ၊ ဝဲဖိုးတွေနဲ့ဆိုတော့ ကျပ်သုံးသိန်းလောက် ရှိတယ်။ စပါးထွက်ရှိမှုက ပျမ်းမျှခြင်းနဲ့ဆိုရင် တင်း ၄၀/၅၀ လောက်ရတယ်။ ကျွန်တော်ဆိုရင် လက်ရှိ ဧက ၂၀ လုပ်ထားတဲ့ထဲမှာ ၁၀ ဧကလောက် ဆုံးရှုံး ပျက်စီးသွားတာပေါ့။ အခုအချိန်မှ မျိုးစပါးပေးရင်တော့ အဆင်မသင့်တော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စပါးတွေဟာ ရေကြီးနစ်မြုပ်ပြီး ဆုံးရှုံးတာအပြင် စပါးဖျက်ပိုး ကျရောက်ပြီး ဆုံးရှုံးတာတွေ ရှိပေမယ့် စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေးဌာနက လက်ရှိအချိန်အထိ လက်တွေ့ ထောက်ပံ့ ကူညီတာမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင်က စပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တာတွေအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပျဉ်းမနားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်း နီးပါးထွက်ရှိပြီး အဲဒီထဲက ၁၀ သန်းကို ဒေသတွင်း စားသုံးကာ ကျန်ဆန်တန်ချိန် ၂ သန်းနီးပါးကိုတော့ ပြည်ပကို တင်ပို့ရောင်းချနေတာ ဖြစ်တယ်လို့ စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.