ရန်ကုန်၊ စက်တင်ဘာ ၂၆

ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနေရာမှာ အဆင့်နိမ့်တဲ့ ကိုယ်စားလှယ် တစ်ယောက်နဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေပြီး စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချဖို့ စီစဉ်တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရူယာမာဟာ မကြာခင် သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သူ့နေရာမှာ ဒုတိယအဆင့် သံတမန် နိုင်ငံခြားရေးတာဝန်ခံ တစ်ဦးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ အဲဒီကိစ္စကို သိထားတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားရေး တာဝန်ခံအဖြစ် မစ္စတာ ယိချီတာကီဆိုသူဟာ စက်တင်ဘာ ၁၅ ရက်ကတည်းက တာဝန်ထမ်းဆောင်နေပြီး လက်ရှိ ရန်ကုန်မှာ ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ တခြား အနောက်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေနေရာမှာ နိုင်ငံခြားရေးတာဝန်ခံတွေ ခန့်အပ်ပြီး စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချထားပြီး ဖြစ်ပါတယ်။

အရပ်သား ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ စစ်ကောင်စီနဲ့ ဒီလို သံတမန်ရေး အဆင့်လျှော့ချတာက သူတို့ရဲ့ တရားဝင် ဖြစ်မှုကို ငြင်းပယ်တဲ့ လုပ်ရပ်တွေလို့ ယူဆရပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မေးမြန်းဖို့ ရန်ကုန်မြို့ရှိ ဂျပန်သံရုံးကို စက်တင်ဘာ ၂၄ ရက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က နှိမ်နှင်းမှု အရှိန်မြင့်တက်နေတဲ့ ၂၀၂၁ ခုနှစ် မတ်လက ဂျပန်သံအမတ်ကြီး မာရူယာမာဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့နဲ့ အစိုးရ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက စစ်တပ်ဟာ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ မလုပ်ဆောင်ဘဲ အရေးပေါ် အခြေအနေ ကြေညာချက်ကို အကြိမ်ကြိမ် သက်တမ်းတိုးနေတာကြောင့် ပြစ်တင် ရှုတ်ချပြီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ နေ့တိုင်း သေဆုံးနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ မေလမှာ ဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေး အဖြေရှာဖို့ ကူညီပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

Ref:The Diplomat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.