“စစ်ဘေးရှောင်တွေ အနေနဲ့ ပြည့်စုံလုံလောက်တဲ့ စစ်ဘေးရှောင်အကူအညီ မရသေးသလိုမျိုး နိုင်ငံတကာ အကူအညီပေးရေး အစုအဖွဲ့တွေကလည်း အခါတိုင်းပြောသလို ဒီထက်ထိရောက်တဲ့ နည်းလမ်းရှာဖို့ နောက်တစ်ခါ မြေပြင်မှာရှိတဲ့ပြည်သူလူထုကို တိုက်ရိုက် အကူအညီပေးနိုင်တဲ့ အစုအဖွဲ့တွေကို တိုက်ရိုက်ကူညီလုပ်ဆောင်ပေးဖို့ ယနေ့အချိန်အထိ ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်နေရဆဲပါ” – KHRG ပြောခွင့်ရ စောနန္ဒဆူး

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန် လုပ်ဆောင်ခဲ့ပါတယ်။ ၄ နှစ်နီးပါးရှိတဲ့ အာဏာသိမ်းကာလအတွင်း အဲဒီနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဒေသခံတွေ ရှိရာနေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေခဲ့တာပါ။

အဲဒီအခြေအနေတွေက KNU ထိန်းချုပ်နယ်မြေတွေမှာ ဘယ်လောက်အထိ ဆိုးရွားနေလဲ။ ဒေသခံပြည်သူတွေကရော ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရသလဲ။ ရေဘေးဒဏ်နဲ့ စစ်မှုထမ်း ဥပဒေပြဌာန်းမှုရဲ့ ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နေသလဲဆိုတာ သိနိုင်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ခရိုင်အသီးသီးမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လိုဆက်ရှိနေလဲ။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုတွေ၊ လူသားဒိုင်းအဖြစ် အသုံးချခံရမှုတွေ ဘယ်လိုကြားသိနေရလဲ။

ဖြေ – လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းကနေ ဒရုန်းနဲ့တိုက်ခိုက်မှုကတော့ ဆက်လက်ရှိနေဆဲပဲ။ ပိုပြီးတော့ များလာတယ်။ အထူးသဖြင့်  တပ်မဟာ (၃)၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) လို တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာ ဆက်လက် ရှိနေတုန်းပဲ။ တခြား တပ်မဟာတွေမှာလည်း ဒီလိုလုပ်ဆောင်မှုတွေ ရှိတယ်။

အခြေခံအားဖြင့် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်စေတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရတာပေါ့။ ဒီလို လက်နက်ကိုင် တိုက်ပွဲတွေအောက်မှာတော့ လူ့အခွင့်အရေးဖြစ်တဲ့ စစ်ဘေးရှောင်မှု၊ အသက်မွေးဝမ်းကြောင်းပြုမှုနဲ့ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီမှု တွေကတော့ ယခင်ကလို ချိုးဖောက်ခံနေရပါတယ်။ 

လူသားဒိုင်းအဖြစ် အသုံးချခံရမှုကတော့ လတ်တလော ကျွန်တော်တို့ မှတ်တမ်းပြုစုချက်အရ ယခင်ကာလကလို မတွေ့ရ‌သေးဘူးပေါ့နော်။

မေး – အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ်လုပ်ဆောင်လာနေတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ – အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကတော့ အာဏာသိမ်းပြီးကတည်းက ဒီနေ့ ဒီအချိန်အထိ ဖြစ်ပေါ်နေတဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ်  စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေတာဖြစ်တယ်။ 

ဒီလို လုပ်ဆောင်နေတာကို စစ်ကောင်စီအနေနဲ့ ပြည်တွင်းအဆင့်မှာရော၊ နိုင်ငံတကာအဆင့်မှာရော အရေးယူခံရမှု မရှိတာကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသလိုမျိုး ချိုးဖောက်ကျူးလွန်မှုတွေကို ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမရှိပဲနဲ့ ဆက်လက်လုပ်ဆောင်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ 

နောက်ထပ်ကတော့ နိုင်ငံတကာ လူသားချင်းစာနာရေးဥပ‌ဒေကို ချိုးဖောက်တာပေါ့နော်။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာကျင့်သုံးရမယ့် အရာဖြစ်ပေမယ့် စစ်ကောင်စီကတော့ တမင်တကာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမျိုး မြင်တွေ့ရပါတယ်။ ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်ရာမြောက်တဲ့ အရာမျိုးတွေရှိတယ်။ 

ဥပမာဆိုရင် မတရားဖမ်းဆီးမှု၊တရားမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မ အစဖျောက်မှု အစရှိတဲ့ အပြစ်မဲ့ အရပ်သား ပြည်သူလူထုကို တိုက်ခိုက်တာပေါ့နော်။ ဒါတွေဟာဆိုရင် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကိုချိုးဖောက်ရာမြောက်တယ်ပေါ့နော်။

မေး စစ်ရေးအခြေအနေကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ စစ်ဘေးရှောင်ဦးရေက ပိုမိုပြီး များပြားလာနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့ လူသားချင်းစာနာမှုအကူအညီ ကျန်းမာရေး စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကြားသိနေရလဲ

ဖြေ – စစ်ဘေးရှောင် အနေအထားကတော့ ဒီလက်နက်ကိုင် ပဋိပက္ခ အဆုံးမသတ်နိုင်သရွေ့ရှိနေမယ့် အရာတစ်ခုဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေရှိနေတဲ့ နေရာဒေသမှာ ၂၀၂၁ အာဏာသိမ်းမှုမှ မဟုတ်ဘူး။ ဆယ်စုနှစ်များစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေဖြစ်တယ်။ 

ဒီလိုမျိုး စစ်ဘေးရှောင်ဖြစ်တဲ့အခါတိုင်းမှာ လူသားချင်း စာနာထောက်ထားမှု လိုအပ်နေတဲ့ အရာဖြစ်တယ်။ ဒီကနေ့ အချိန်အထိ တိုးပွားလာတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ ပြည့်စုံလုံလောက်တဲ့ စစ်ဘေးရှောင်အကူအညီ မရသေးသလိုမျိုး နိုင်ငံတကာ အကူအညီပေးရေး အစုအဖွဲ့တွေကလည်း အခါတိုင်းပြောသလို ဒီထက်ထိရောက်တဲ့ နည်းလမ်းရှာဖို့ နောက်တစ်ခါ မြေပြင်မှာရှိတဲ့ပြည်သူလူထုကို တိုက်ရိုက် အကူအညီပေးနိုင်တဲ့ အစုအဖွဲ့တွေကို တိုက်ရိုက်ကူညီလုပ်ဆောင်ပေးဖို့ ယနေ့အချိန်အထိ ကျွန်တော်တို့တိုက်တွန်းနှိုးဆော်နေရဆဲပါ။ 

နောက်တစ်ခါ အကူအညီပေးနိုင်စွမ်းနဲ့ အကူအညီလိုအပ်နိုင်တဲ့ စစ်ဘေးရှောင်ဦးရေက ကွာဟမှုရှိတယ်။ စစ်ဘေးရှောင်ဦးရေ အဆမတန်တိုးပွားလာမှုက အကူအညီ‌ပေးရေးကို အမြဲတမ်း လစ်ဟာစေပါတယ်။ နောက်တစ်ခါ စစ်ဘေးရှောင်နေရတဲ့ နေရတဲ့ အနေအထားက အမျိုးမျိုးကွာခြားမှု ရှိတယ်။ 

ပုံမှန် IDP စခန်းမှာနေတဲ့သူနဲ့ သွားလိုက်ပြန်လိုက် ပြေးနေရတဲ့ သူနဲ့ တောထဲတောင်ထဲကို ပြေးနေရတဲ့သူတွေပေါ့။ အဲဒီလိုပုံမှန်မဟုတ်တဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အစုအဖွဲ့တွေမှာလည်း အမြဲတမ်း အချိန်နဲ့ တပြေးညီအကူအညီပေးဖို့ လက်လှမ်းမမီနိုင်ပါဘူး။ နောက်တစ်ခုက စစ်ဘေးရှောင် IDP တွေကြုံတွေ့နေရတဲ့ အနေအထားက စစ်ဘေးဒဏ်သင့်မှုတစ်ခုတည်း မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့နေရပါတယ်။ 

အထူးသဖြင့် ဒီလို မိုးကြီး၊ လေကြီးကာလမှာ သဘာဝဘေးအန္တရယ် အပြင်ရာသီဥတုကြောင့် နောက်ဆက်တွဲကြုံတွေ့ရတဲ့ ရောဂါတွေ ကြုံတွေ့နေရတဲ့ အရာဖြစ်တယ်။ အထူးသဖြင့် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောလိုမျိုး အဖြစ်လွယ်တဲ့ ရောဂါတွေပေါ့။ စစ်ဘေးဒဏ်သင့်မှုအပြင် ရောဂါဘယတွေ ခံစားနေရတဲ့ IDP တွေရဲ့ အခြေ‌အနေဖြစ်ပါတယ်။

မေး – အခု KNU နယ်မြေထဲမှာ စစ်တောင်း၊ သောင်ရင်း သံလွင်မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ လက်ရှိမှာ ဘယ်လိုအခက်ကြုံနေခဲ့ရလဲ။

ဖြေ – ဒီလို လက်နက်ကိုင် ပဋိပက္ခပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ စစ်ဘေး၊ ပဋိပက္ခဘေးကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အပေါ်မှာ ထပ်ပြီးတော့ ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ်ကို  ပြည်သူလူထု ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ စစ်ဘေးနဲ့ ရေကြီးမှု၊ရေလွှမ်းမိုးမှုတွေက ပြည်သူလူထုရဲ့ ရှင်သန်ရပ်တည်ရေးကို ထိခိုက်စေပါတယ်။ 

စစ်ဘေးရှောင်နေတဲ့ ပြည်သူလူထုမှ မဟုတ်ဘဲ စစ်ဘေးမရှောင်တဲ့ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စပါးစိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတဲ့ ပြည်သူလူထုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ 

သွားလာရေးတွေ ပျက်စီးဆုံးရှုံးသလို နေအိမ်ပျက်စီးဆုံးရှုံးတာမျိုး အိမ်မွေးတိရိစ္ဆာန် သေကြေပျက်စီးမှုတွေကို ရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးနေရတဲ့ အခြေအနေတစ်ခုလို့ ပြောရတာပေါ့နော်။

မေး – သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့အတွက်က ဘယ်လိုအချက်တွေ ပြုလုပ်သင့်တယ်လို့ မြင်လဲ။ KHRG အနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား တိုက်တွန်းချင်ပါသလဲ။

ဖြေ – သဘာဝဘေးဒဏ်သင့်နေတဲ့ ပြည်သူလူထုကို ကြိုးစားကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက အများကြီးရှိပါတယ်။ ပြည်တွင်းမှာသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း သူတို့ရဲ့ အထောက်အကူပေးမှုကို ကျွန်တော်တို့ လေးစားရပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာကတော့ ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့် အစုအဖွဲ့တွေနဲ့ မြေပြင်မှာ အင်တိုက် အားတိုက် အချိတ်အဆက် မိမိနဲ့ လုပ်ဆောင်ဖို့လိုတယ်။ အထူးသဖြင့် ငွေကြေးထောက်ပံ့မှုပြုလုပ်နေတဲ့ နိုင်ငံတကာ အစုအဖွဲ့ဝင်တွေပေါ့။ မြေပြင်မှာ လူထုအကျိုးပြုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်မှု လုံးဝကောင်းဖို့လိုတယ်။ တချိန်တည်းမှာ နိုင်ငံတကာ အဖွဲ့အစည်း‌တွေဟာ မြေပြင်မှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပြည့်စုံစွာ လုံလောက်စွာ ကူညီထောက်ပံ့ပေးဖို့ လိုပါတယ်။ 

ဒါမှသာ အကူအညီ လိုအပ်နေတဲ့ အရပ်သား ပြည်သူတွေဆီ အကူအညီ ရောက်မှာပါ။ နိုင်ငံတကာ အစုအဖွဲ့တွေအနေနဲ့ စစ်ကောင်စီဆီ ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ တောက်လျှောက် ပြောလာတဲ့ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြပ်အတည်းကို ဖြစ်စေတဲ့ တရားခံဖြစ်တာမို့ သူတို့ဆီကတစ်ဆင့် ပေးမယ်ဆိုရင် အရပ်သား ပြည်သူလူထုတွေဟာ ဒီအကူအညီတွေ ရောက်ရှိမှာ မဟုတ်ပဲ အကူအညီတွေကို လက်နက်သဖွယ် အကြပ်အတည်း အနေနဲ့ စစ်ကောင်စီက အသုံးချသွားမှာ ဖြစ်တယ်ပေါ့နော်။

မေး – စစ်မှုထမ်းဥပဒေအကျိုးဆက်ကြောင့် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရဲ့ အနေအထား ဘယ်လိုတွေ့နေရလဲ။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဘယ်လိုကြားသိနေရလဲ။ အခု သန်းခေါင်စာရင်း ကောက်ယူတာတွေ၊ ပြည်သူ့လုံခြုံရေးဆိုပြီး သက်ကြီးပိုင်းတွေကိုလည်း ခေါ်ဆောင်နေပါတယ်။ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဘယ်လိုဖြစ်လာနိုင်ခြေရှိလဲ၊ KHRG အနေနဲ့ ဘယ်လိုတုံ့ပြန်ပြောလိုပါသလဲ။

ဖြေ – ဒီ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးသဖြင့် လူငယ်၊ လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာပေါ့။ လူငယ်၊လူရွယ်တွေသာမက  သူတို့ရဲ့ စစ်မှုထမ်းဥပဒေမှာ ဖော်ပြထားတဲ့  အသက်အရွယ်ပိုင်းခြားသာမက နောက်ဆုံးသက်ကြီးရွယ်အိုတွေပါ။အသုံးချဖို့ ဖြစ်လာတယ်။ 

အထူးသဖြင့် စစ်မှုထမ်းဥပဒေအောက်မှာ အဖမ်းအဆီးခံနေရတဲ့ အရပ်သားတွေအနေနဲ့ သူတို့ရဲ့အသက်အန္တရာယ် ကို ကြီးကြီးမားမား ခြိမ်းခြောက်တဲ့ ကနဦးအခြေအနေ တစ်ရပ်ဖြစ်တယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာဆိုရင် အရပ်သားပြည်သူလူထုရဲ့ ရှင်သန်ရပ်တည်ရေးကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေသလို သူတို့ရဲ့ လွတ်လပ်စွာသွားလာခွင့် အသက်မွေး၀မ်းကြောင်း လုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေကြောင်း မြင်တွေ့ရတယ်ပေါ့နော်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.