သံဖြူဇရပ်၊ စက်တင်ဘာ ၂၆

PDF တွေ လာတိုက်မယ်ဆိုတဲ့ သတင်းကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဖောင်းစိန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းတွေက Non CDM ဝန်ထမ်းတွေဟာ ညတွင်းချင်း ပြောင်းရွှေ့သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သံဖြုဇရပ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် ဝန်ထမ်းအိမ်ရာ လိုင်းခန်းတွေမှာနေထိုင်ကြတဲ့ တရားရေး၊ လဝကနဲ့သာသနာရေးက ဝန်ထမ်းမိ သားစု ၆၀ ကျော်ဟာ ညတွင်းချင်း မြို့တွင်းကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

မြို့တွင်းသို့ ပြောင်းရွှေ့သွားတဲ့ Non CDM ဝန်ထမ်းမိသားစုတွေဟာ မြို့တွင်းက ဌာနဆိုင်ရာရုံးတချို့နဲ့ နီးစပ်ရာနေအိမ်တွေမှာ ယာယီနေထိုင်နေကြတယ်လို့ သိရပါတယ်။

မြို့အစွန်မှာရှိနေတဲ့ ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီဘက်က လုံခြုံရေးအပြည့်အဝမပေးနိုင်တဲ့အတွက်ညတွင်းချင်း အရေးပေါ် ပြောင်းရွှေ့သွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သံဖြူဇရပ်မြို့ရှိ ဌာနဆိုင်ရာရုံးကို စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး စတင်တိုက်ခိုက်မယ်ဆိုတဲ့ ပစ်စာတွေ ရောက်ရှိလာတယ်လို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည် ပြုနိုင်တာမရှိပါဘူး။

သံဖြူဇရပ်မြို့ကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် Non CDM ဝန်ထမ်းတွေဟာ မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ဈေးဝယ်ထွက်တာ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ သံဖြူဇရပ်မြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ရဲစခန်းတွေ၊ တပ်ရင်းတပ်စခန်းတွေကို မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပေမယ့် မြို့တွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.