သီပေါ၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေးအဖွား လေးဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ကလေးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ သီပေါမြို့ကို ဗုံးခြောက်လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သီပေါမြို့နယ် နားလွယ်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်ကြည်တာ၊ အသက် ၂၁ နှစ်အရွယ် မောင်ဂူသာ၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မာလေးနဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်အေနွန်တို့ မြေးအဖွား လေးဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား သုံးဦးဟာ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နဲ့ လက်မောင်းတွေမှာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သလို နားလွယ်ရွာမှ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလည်း ကျန်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ စက်တင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် TNLA အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေမှ အရပ်သားပစ်မှတ်တွေကို ဦးတည်ကာ နေ့စဉ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတယ်လို့ TNLA က ဆိုပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ တစ်ကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ ဦး ထက်မနည်း သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.