ဘန်ကောက်၊ စက်တင်ဘာ ၂၅

လိင်တူအချင်းချင်း ထိမ်းမြားလက်ထပ်ခွင့်ကို ဥပဒေအဖြစ် ထိုင်းဘုရင်လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း တော်ဝင်ဂေဇက် သတင်းစာက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံဟာ အိမ်ထောင်ပြုမှု တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီး အာရှရဲ့ အကြီးမားဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ ဥပဒေသစ်ကို ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်က လက်မှတ် ရေးထိုး အတည်ပြုလိုက်တာကြောင့် လာမယ့် ရက်ပေါင်း ၁၂၀ အတွင်း အသက်ဝင်မှာ ဖြစ်ပြီး ပထမဆုံး လိင်တူစုံတွဲ လက်ထပ်ထိမ်းမြားမှုတွေ လာမယ့်နှစ် ဇန်နဝါရီမှာ ပထမဆုံး ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်ဝမ်နဲ့ နီပေါလ်ပြီးနောက် ထိုင်းဟာ လိင်တူ ထိမ်းမြား လက်ထပ်ခွင့်ကို တရားဝင် အသိအမှတ်ပြုတဲ့ အာရှရဲ့ တတိယမြောက် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အခု ဥပဒေသစ်အရ အမျိုးသားနဲ့ အမျိုးသမီးကို လင်ယောကျာ်းနဲ့ ဇနီး မယားများအဖြစ် အသိအမှတ်ပြုပြီး သားသမီးမွေးစားခွင့်နဲ့ လိင်တူ စုံတွဲတွေအတွက် အမွေခံထားရှိပိုင်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

LGBTQ အသိုင်းအဝိုင်းအပေါ် သည်းခံမှုကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ နာမည်ရနေတာ ကြာပြီ ဖြစ်ပြီး လိင်တူ ထိမ်းမြား လက်ထပ်ခွင့်ကို ပြည်သူလူထုကလည်း ထောက်ခံကြောင်း သဘောထား စစ်တမ်းတွေက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဗုဒ္ဒဘာသာ အများစု နေထိုင်ကြတဲ့ ထိုင်းနိုင်ငံမှာ အစဉ်အလာနဲ့ ရှေးရိုးစွဲ တန်ဖိုးထားမှုတွေ ရှိနေဆဲ ဖြစ်ပြီး လိင်တူစုံမက်သူများ အသိုင်းအဝိုင်းက သူတို့အနေနဲ့ ခွဲခြား ဆက်ဆံမှုတွေ အတားအဆီးတွေ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

နယ်သာလန်နိုင်ငံက လိင်တူစုံမက်မှုကို ၂၀၀၁ ခုနှစ်မှာ တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၃၀ ကျော်မှာ လိင်တူ ထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။

လိင်တူ ထိမ်းမြား လက်ထပ်ခွင့်နဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ တရားရုံးချုပ်က လွှတ်တော်သို့ လွှဲပေးထားပြီး ဟောင်ကောင်မှာလည်း လိင်တူ ထိမ်းမြား လက်ထပ်ခွင့်အတွက် ထိပ်တန်း တရားရုံးရဲ့ ခွင့်ပြုချက်ပဲ လိုအပ်ပါတော့တယ်။

ထိုင်းနိုင်ငံမှာ လိင်တူ ထိမ်းမြားခွင့် ရရှိရေးအတွက် တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုလာခဲ့ကြတာ ဆယ်စုနှစ် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းမှုနဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေကြောင့် တောင်းဆိုမှုတွေဟာ အချိန်အကြာကြီး အဖြေမပေါ်ဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.