ဘီးလင်း ၊ စက်တင်ဘာ ၂၆

ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်က မြို့ နယ်တ ချို့မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအတွက် အဖွဲ့ဝင်တွေခေါ်ပြီး သင်တန်းပေးနေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွ ဖွဲ့ဖို့ ပြီးခဲ့တဲ့ ဩဂုတ် လနှောင်းပိုင်းကစပြီး ဘီးလင်း၊ သထုံ၊ ချောင်းဆုံနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်‌ရေး အဖွဲ့တွေက လူသစ်စုဆောင်းနေခဲ့တာပါ။

လက်ရှိမှာတော့ ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အ တွက် မြို့ ပေါ်နဲ့ နီးစပ်ရာ ကျေးရွာအတွင်းရှိ ရပ်ကွက်တချို့မှာ ငွေပေးစည်းရုံးတာနဲ့ နီးစပ်သူတွေကို ခေါ်ယူပြီး သင်တန်းပေးနေတာ ဆယ်ရက်လောက်ရှိပြီလို့ သိရပါတယ်။

ဘီးလင်းမြို့ခံတစ်ဦးက မြို့ပေါ်ရပ်ကွက်တွေမှာ ရပ်/ကျေးအဆင့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် ငွေပေးစည်းရုံးမှုကြောင့် ကိုယ့်ဆန္ဒနဲ့ကိုယ် ပါဝင်လာခဲ့သူ ၁၈ ဦး ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စည်းရုံးတာက ရပ်ကွက်လုံခြုံရေးပုံစံပေါ့။ ဘယ်ကိုမှ မသွားရ၊ ဘယ်မှာမှ စစ်မတိုက်ရဘူး။ ကိုယ့်ရပ်ကွက်ကို ကိုယ်ကာကွယ်ဖို့ ကိုယ့်မြို့နယ်ကို ကိုယ်ကာကွယ်ဖို့ ဒါပဲ။ အဲဒီလို ပြောတာပေါ့။ လစာက သုံးသိန်းနဲ့ ထောက်ပံ့ကြေးက သက်သက်ပေါ့။ လောလောဆယ် အဲဒါတွေထောက်ပံ့တာ ရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေတဲ့အတွက် လိုအပ်တဲ့ အင်အားတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြည်သူပါတဲ့ လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေတာပါ။

ဒီအတွက်ကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ပြည်သူ့လုံခြုံ ရေးအဖွဲ့ထဲ ပါဝင်ခိုင်းကာ ကာလတိုစစ်သင်တန်းပေးပြီး သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းဖို့ ဖြစ်ပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး လက်ရှိမှာ စစ်ကောင်စီက သက် ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ရှိ မြို့ နယ်တချို့မှာ စစ်သင်တန်းပေးတာတွေ ရှိနေပေမယ့် တရားဝင် သ တင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သင်တန်းပေးရာမှာလည်း အပတ်စဉ်အလိုက် သတ်မှတ်ထာတဲ့ ပုံစံမျိုး မတွေ့ရဘဲ အကျုံးဝင်သူတွေကို စည်းရုံးလို့ရရင် ရသလောက် အရေအတွက်နဲ့ သက်ဆိုင်ရာ တပ်နယ်တွေမှာ စစ်သင်တန်းပေးနေတာလို့ ဒေသခံတွေထံကနေ သိရပါတယ်။

မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ ရေးမြို့ နယ်မှာတော့ စက်တင် ဘာ ၁၆ ရက်နေ့မှာ ပြည်သူ့လုံခြုံ‌ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် အမျိုးသားအယောက် ၅၀ ကျော်ကို စစ်သင်တန်း စပေးခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့ နယ်အနေနဲ့ မြို့ပေါ် ရပ် ကွက် ၉ ခု အပါအဝင် အနီးအနားကအစင်၊ အဘော်၊ ချောင်းတောင်စတဲ့ ကျေးရွာတချို့ရှိ ရပ်ကွက် တွေလောက်မှာသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရေးမြို့ခံတစ်ဦးက သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ သူတို့နဲ့ သက်ဆိုင်သူတွေအပါအဝင် တပ်ကလည်း တပ်နဲ့ နီးစပ်သူတွေကို စည်းရုံးပြီး သင်တန်းပို့တာလို့ ဆိုပါတယ်။

“သက်ဆိုင်ရာ ရပ်ကျေးတွေက သူတို့နဲ့ သက်ဆိုင်တဲ့သူ စည်းရုံးပြီးတော့ သွားပို့တာ။ သင်တန်းစာရင်းပေးတယ်။ ရပ်ကွက်မှာ အစည်းအဝေးသဘောမျိုးနဲ့ ခမ်းခမ်းနားနား လုပ်တာတော့ မကြားဘူး။ သူတို့တပ်နဲ့ သူတို့ နီးစပ်ရာ သူတို့ ခေါ်ပြီးတော့ သင်တန်းသွားပို့တာပဲ ကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းကယ် ဆယ်တာတွေ တာဝန်ပေးအပ်ဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ရှိနေပါတယ်။

ဒီအတွက်ကြောင့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့မှာ ပူးပေါင်းပါဝင် လုပ်ဆောင်နေသူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.