မော်လမြိုင် ၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်ခံရတဲ့ စစ်မှုထမ်း သင်တန်းဆင်းတွေ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးမှုများနေတဲ့အ ကြောင်း အဲဒီသင်တန်းဆင်းတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာရှုံးနိမ့်ပြီး သူတို့ရဲ့ တပ် သားတွေ ထိခိုက်၊ သေဆုံးမှုမြင့်တက်လာလို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းပြီး ဒေ သတွင်းက လူငယ်တွေကို ဆင့်ခေါ်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ပေးနေတာပါ။

အခုလို စစ်မှုထမ်းသင်တန်းတွေ ပေးပြီးနောက်မှာတော့ သင်တန်းဆင်းတွေကို စစ်ရေးအတွေ့အ ကြုံ ရရှိစေဖို့ဆိုပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ပို့ဆောင်ကာ စစ်တိုက်ခိုင်းတဲ့အတွက် နယ်မြေ မကျွမ်းကျင်မှုကြောင့် သေဆုံးမှုတွေ များလာတာ ဖြစ်ပါတယ်။

စစ်မှုထမ်း သင်တန်းဆင်း မိသားစုနဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း ဆင်းတွေကို တစ်ပတ်လောက် မြို့ပေါ်မှာ စိတ်ကြိုက်အခွင့်အရေးပေးပြီးနောက် ရှေ့တန်း စစ်မြေ ပြင်ကို ပို့ဆောင်တာဖြစ်သလို ရှေ့တန်းမှာ သေဆုံးမှုများပေမယ့် တာဝန်ယူမှု၊တာဝန်ခံမှု မရှိဘူးလို့ ပြောပါတယ်။

“သူတို့က သင်တန်းပေးပြီးသွားရင် မော်လမြိုင်မြို့ထဲမှာ ညဘက်ကို တစ်ပတ်လောက် ပေးလှည့်တယ်။ ဒီကောင်တွေကို ကားနဲ့လှည့်ပြီးရင် ဘီယာဆိုင်အရက်ဆိုင်တွေ့ရင် ကြိုက်တာယူ ကြိုက်တာသောက် ပိုက်ဆံမပေးရဘူး။ အဲဒီလိုမျိုးတွေ အခွင့်အရေးပေးပြီးတော့ တစ်ပတ်လောက် ဒီမှာကင်းလှည့်ပြီးသွားရင် စစ်မြေပြင်ပို့တာပဲ။ ကျွန်တော်တို့ နယ်မြေက ငါးယောက်ရှေ့တန်းပို့တယ်။ သုံးယောက်သေတယ်။ တစ်ယောက်က ခြေထောက်ပြတ်တယ်။ တစ်ယောက်ပဲကျန်တယ်။ သေသွားတဲ့ သူနဲ့ပတ်သက်ပြီးတော့ သွားပြောတဲ့အခါမှာလည်း တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ ခေါ်သွားတုန်းက မင်းတို့ကိုလေးသိန်းပေးထားတယ်ဆိုပြီးတော့ အဲဒီလေးသိန်းနဲ့ပဲ ဖြေသိမ့်စကားပြောလိုက်တာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို စစ်မှုထမ်းသင်တန်းဆင်းတွေ သေဆုံးမှုများလာတဲ့အတွက် တချို့တွေအနေနဲ့ ရှေ့ တန်းမှာ လက်နက်ချပြီး ထွက်ပြေးတာတွေရှိသလို ထွက်ပြေးတဲ့သူတွေကိုတော့ သူတို့အစား မိ သားစုဝင်တွေကို စစ်ကောင်စီက ပြသနာရှာတာရှိတယ်လို့ သူကဆက်ပြောပါတယ်။

သထုံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုအေးမင်းထွန်းကတော့ လက်ရှိစစ်ကောင်စီ ဖွင့်လှစ်တဲ့ စစ်မှုထမ်းသင်တန်းတွေမှာ လူငယ်တချို့တွေအနေနဲ့ အတင်းအကျပ် ခေါ်ဆောင်ခံရတာ ရှိသလို စိတ်မပါဘဲ တက်ရောက်ရသူတွေလည်း ရှိတဲ့အတွက် အသက်မသေဆုံးအောင် အလျဉ်းသင့်ရင် သင့်သလို လာရောက်ပူးပေါင်းဖို့ ပြောပါတယ်။

“စစ်မှုထမ်းသင်တန်း တက်ရောက်တဲ့သူတွေထဲမှာ တချို့ ဆိုရင်တော့ အတင်းအကျပ် ခေါ်ဆောင်လို့ ပါသွားတဲ့သူတွေ၊ စိတ်မပါဘဲနဲ့ တက်ရတဲ့ သူတွေလည်းရှိတယ်။ စိတ်ပါလက်ပါနဲ့ စစ်ကောင်စီကို ထောက်ခံပြီး တက်တဲ့သူတွေလည်း ရှိတာပေါ့နော်။ အဓိကတော့ ဒီရှေ့တန်းနယ်မြေသွားရသည် ဖြစ်စေ၊ တချို့တွေ တခြားနေရာမှာ လုံခြုံရေး ဆောင်ရွက်နေရသည်ဖြစ်စေပေါ့နော်။ စိတ်မပါတဲ့သူတွေ၊ အတင်းအကျပ် ခေါ်ဆောင်ခံရတဲ့ သူတွေအနေနဲ့ကတော့ အချိန်အခါပေါ် မူတည်ပြီးတော့ အလျင်းသင့်ရင်သင့်သလိုမျိုး ကျွန်တော်တို့နဲ့ လာရောက်ပြန်လည်ပူးပေါင်းဖို့ပဲ ပြောချင်တာပေါ့” လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေဟာ အရင်လို စစ်မှုထမ်း အစားထိုးဖို့အတွက် လူငှားခေါ်ယူလို့ မရတော့ဘူးလို့ဆိုကာ ရပ်ကွက်အတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်းအကျပ် ဆင့်ခေါ်တာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ဒေသတွင်းရှိ လူငယ်တွေကို ခေါ်ယူကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အခြေစိုက် တကက-၄ တပ်မတော်တန်းမြင့် သင်တန်းကျောင်းနဲ့ သထုံမြို့နယ် အ ခြေစိုက် အမှတ်(၉) စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ လစဉ်နီးပါး ပြည်သူ့ စစ်မှု ထမ်း သင်တန်းတွေပေးနေပြီး လက်ရှိစစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့က ထုတ်ပြန်ချက်အရ မွန်ပြည် နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်အယောက် ၂၀၀ ကျော်နဲ့ အပတ် စဉ် ၂ အတွက် လူငယ် အယောက် ၄၀၀ ထက်မနည်း စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရလည်း မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၃ အတွက် လူသစ် ၁၆၅ ဦး စုဆောင်းခဲ့တာဖြစ်ပါတယ်။ အပတ်စဉ် ၄ ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၅ ကိုတော့ စက်တင်ဘာ ၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.