မကွေး စက်တင်ဘာ ၂၅

ပြည်သူလူထုကို အလုပ်အကျွေးပြုနိုင်ဖို့ရည်ရွယ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် (၈) ဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) က ကြီးမှူးကျင်းပခဲ့တဲ့ အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“လူထုလွတ်မြောက်ရေးအတွက် သုံးလတာ အပင်ပန်းအဆင်းရဲခံပြီး စစ်ပညာသင်ယူနိုင်ခဲ့တဲ့ ရဲဘော်တွေအတွက် တော်လှန်ရေးကာလ မှတ်တိုင်တခုအဖြစ်အသိမှတ်ပြုပေးချင်တာရယ် နောင်သူတို့ဆက်လျှောက်ရမဲ့ခရီးလမ်းရှည်အတွက် အားသစ်မာန်သစ်နဲ့လူထုကိုအလုပ်အကျွေးပြုနိုင်အောင်ရည်ရွယ်ပြီးဆင်းပွဲကိုလုပ်ပေးဖြစ်တာပါ” PDO/PDA ရဲ့ နိုင်ငံရေးတာဝန်ခံ ကိုလပြည့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

PDO/PDA အနေနဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေတွေကို အရှိန်ဟုန်ပြင်းပြင်းနဲ့ တိုးချဲ့သွားဖို့ ရှိတာကြောင့် သင်တန်း အပတ်စဉ်(၉) အတွက် တော်လှန်လိုတဲ့ လူငယ်တွေကို ဖိတ်ခေါ်နေတယ်လို့ တာဝန်ခံ ကိုလပြည့်ကပြောပါတယ်။

PDO/PDA ရဲ့ အင်အား ၈၀ ကနေ ၁၀၀ ဝန်းကျင်ပါတဲ့ အပတ်စဉ် ၈ သင်တန်းမှာ နိုင်ငံ​​ရေးဦးဆောင်မှု နိုင်ငံရေးသင်ခန်းစာတွေပို့ချတာ၊ အဖွဲ့နဲ့ တပ်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေးဖြတ်သန်းမှု မျှဝေတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ၊ ဒေသခံ ပအဖ ၊ ပကဖ ၊ ပလဖ နဲ့ ဒေသခံပြည်သူလူထု နဲ့တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းတွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.