ဗာတီကန်စီးတီး၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်နန်းတော် နယ်နိမိတ်အတွင်းမှာ ခိုလှုံခွင့်ပေးမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ်းလှမ်းလိုက်ကြောင်း အီတလီ သတင်းဌာနတွေက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မိမိအနေနဲ့ တောင်းဆိုပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကို ရောမမှာ တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း မိမိတို့ နယ်နိမိတ်အတွင်းမှာ ခိုလှုံခွင့်ပြုဖို့ ဗာတီကန် နန်းတော်ကို မိမိက အဆိုပြုထားကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ဒီကနေ့အချိန် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နှုတ်ဆိတ်နေလို့ မရပါဘူး၊ တစ်ခုခု လုပ်ကြရမှာ ဖြစ်ပါတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အားလုံးကောင်းဖို့ အတွက် လူတိုင်း ပါဝင်ကူညီနိုင်တဲ့ ဒီမိုကရေစီစနစ်အတွက် လေးစားမှုနဲ့ လူတိုင်းရဲ့ အခွင့်အရေး ဂုဏ်သိက္ခာကို အခြေခံတဲ့ ငြိမ်းချမ်းရေး ရရှိရမယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက် ခြစားမှုကနေပြီး ကိုဗစ်စည်းကမ်း မလိုက်နာမှုတွေ အထိ စွဲချက်တွေ အမျိုးမျိုးနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး သူ့ကို တံခါးပိတ် ရုံးတင် စစ်ဆေးမှုတွေက သူ့ကို နိုင်ငံရေး လောကကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခိုလှုံခွင့် ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရှိခဲ့ပါဘူး။

ဒီလို ခိုလှုံခွင့် ကမ်းလှမ်းတဲ့ အတွက် ပုပ်ရဟန်းမင်းကြီးကို မေမေက ကျေးဇူးတင်ပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အားရစ်က ပြောကြားထားပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းနဲ့ ပြည်ပမှာ လူကြိုက်များမှုကြောင့် စစ်ကောင်စီအနေနဲ့ အခုလို ကမ်းလှမ်းမှုမျိုးကို ခွင့်ပြုဖို့ လက်ခံ စဉ်းစားမှာ မဟုတ်ဘူးလို့ ကင်အားရစ်က ဆိုပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောဂါတွေ အပါအဝင် ကျန်းမာရေး ပြဿနာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

Ref: DailyMail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.