တနင်္သာရီ၊ စက်တင်ဘာ ၂၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက် ခိုက်မှုကြောင့် ဈေးဝယ်နေတဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့နယ် အရှေ့မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ညောင်ကုန်းကျေးရွာထဲကို အကြီးစားဒရုန်းတစ်စီးနဲ့ ဗုံးချတိုက်ခိုက်သွားတာပါ။

စစ်ကောင်စီတပ်ပစ်ချလိုက်တဲ့ ဒရုန်းဗုံးတစ်လုံးဟာ ကျေးရွာအလယ်မှာ ဈေးကားလာလို့ ဈေးဝယ်နေတဲ့ ဒေသခံအမျိုးသမီးတွေအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဈေးဝယ်နေတဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းယု၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သီသီမိုးနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်တင်ရီတို့ဟာ မျက်နှာ၊ လက်၊ ခြေထောက်နဲ့တင်ပါးတွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

စက်တင်ဘာ ၂၄ ရက်နေ့ကလည်း အမှတ် ၃၀၆ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ပဝကျေးရွာက ဒေသခံနေအိမ် နှစ်လုံးနဲ့ ဥယျာဉ်ခြံတွေ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ်တွေမှာ အခုလတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုတွေ ဆက် တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် တနင်္သာရီ မြို့နယ် ကျွဲထိန်းကုန်းရွာက ဒေသခံလေးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.