Police are pictured behind barbed wire outside Insein Prison in Yangon on October 18, 2021, as authorities announced more than 5,000 people jailed for protesting against a February coup which ousted the civilian government would be released. (Photo by AFP)

ရန်ကုန် ၊ စက်တင်ဘာ ၂၅

အကျဉ်းကျခံထားရသူတချို့ကို အများရှေ့မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုပြီး အခုရက်ပိုင်းအတွင်း သတင်းတွေ ပျံ့နှံ့လာမှုအပေါ် IIMM က စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှာ လျှို့ဝှက်စွာ အမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားတဲ့သူတွေဟာ ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားမျှတတဲ့ အမှုစစ်ဆေးစီရင်မှုဖြစ်စေတဲ့ အခြေခံလိုအပ်ချက်တွေကို မကျင့်သုံးဘဲ သေဒဏ်ချမှတ်တာ ဒါမှမဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သေဒဏ်ချမှတ်ပြီး ကွပ်မျက်ရင်တော့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်တယ်လို့လည်း IIMM က သတိပေးထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သေဒဏ်ချမှတ်ထားသူတချို့ကို ကွပ် မျက်မယ့်သတင်းအပေါ် စစ်ကောင်စီအနေနဲ့ လုပ်ဆောင်မယ့်အထဲ ပါတဲ့အတွက် IIMM အနေနဲ့ တားဆီးနိုင်တဲ့အခြေအနေမျိုး ရှိမနေဘူးလို့ သုံးသပ်ပါတယ်။

“လုပ်မှာလားလို့မေးရင် သူက (စကစ) လုပ်မယ့်ဟာထဲမှာပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် ဘာအကျိုးအပြစ်ရှိလဲဆို ကိုဂျင်မီတို့နဲ့ ပတ်သက်ပြီး ဖြစ်ထားတဲ့ကိစ္စတွေ IIMM ပဲ ပြောပြော၊ ဘာပဲပြောပြော စာရင်းဝင်တယ်ပြောပြော နှစ်တွေကြာတဲ့အထိ နိုင်ငံတကာကလည်း ဘာမှလုပ်နိုင်တာလည်း မဟုတ်ဘူး။ သူတို့အနေနဲ့ မကောင်းဘူးဆိုတဲ့ဟာ ပြောရုံပြီးရင် အစီရင်ခံစာထဲ ထည့်သွင်းရေးဆွဲရုံလောက်နဲ့ပဲရှိတယ်။ ဖြစ်ပြီးမှ အပြစ်တင်တဲ့ဟာထက်ပိုတဲ့ တားဆီးပိတ်ပင်နိုင်တဲ့ Magnetism နိုင်ငံတကာအဖွဲ့အစည်းမှာ ရှိမနေဘူး။ တားဆီးနိုင်တဲ့ အခြေအနေမျိုးလည်း ရှိမနေဘူးဆိုတာတွေ့ရတယ်”လို့ ဆိုပါတယ်။

NUCC ကလည်း သေဒဏ်ချမှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေနဲ့ တရားမဲ့ စီရင်သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ စက်တင်ဘာ ၂၄ ရက်နေ့မှာ အသိပေးပါတယ်။

စစ်ကောင်စီရဲ့ သတင်းအမှောင်ချ လုပ်ဆောင်မှုတွေကြောင့် အဲဒီသတင်းတွေရဲ့ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင်အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြောထားတာပါ။

နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူ ကိုသိုက်ထွန်းဦးက ကြိုးပေးကွပ်မျက်မယ့် သတင်းအပေါ် မှန်ကန်မှုမရှိဘဲ စစ်ကောင်စီထောက်ခံသူတွေဘက်က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ သတင်းတစ်ခုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုးသတင်းတွေ ပျံ့နှံ့နေတဲ့အပေါ်မှာ သေချာတာတစ်ခုက အကျဉ်းထောင်ထဲမှာရှိနေတဲ့ သေ ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေတယ်။ ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေကို ကြားသိနေရတာဖြစ်တဲ့အတွက် ဝမ်းနည်းပူးဆွေးမှုတွေ ဖြစ်စေပါတယ်။ ဒါကတော့ လက်ရှိ အဓိကဖြစ်ပေါ်နေတဲ့ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုဖြစ်တယ် ။ဒါဟာ စစ်ကောင်စီနဲ့ စစ်ကောင်စီကို ထောက်ခံနေတဲ့ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ခြင်းဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့ကို ကြိုးပေးကွပ်မျက်မယ့် သတင်းအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက ကြားသိထားရခြင်းမရှိသေးဘူးလို့ BBC မြန်မာပိုင်း သတင်းဌာနကို ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ် ဂျီနီဗာစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း တရားစီရင်ရေးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့တာရှိပေမယ့် ပြစ်ဒဏ်ချမှတ်ခံရသူကိုတော့ ကြိုးပေးကွပ်မျက်တာ မရှိခဲ့ပါဘူး။

ဒါပေမယ့် ၂၀၂၂ ခုနှစ် ဇူလိုင်မှာတော့ သေဒဏ်ချမှတ်ခံထားရသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုသူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းပြီး နောက်ပိုင်း လက်ရှိအထိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၁၆၇ ဦး သေဒဏ်ချမှတ်ခံထားရတာပါ။

IIMM ကတော့ တရားမျှတတဲ့ အမှုစစ်ဆေးစီရင်မှုရဲ့ အခြေခံအာမခံချက်တွေကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရတဲ့သူတွေနဲ့ သူတို့ကို တရားစွဲဆိုထားတဲ့ အမှုတွေကို စောင့်ကြည့်နေတယ်လို့ အသိပေးထုတ် ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.