သထုံ၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် သထုံမြို့နယ် အနန်းပင်ကျေးရွာအုပ်စု အင်းကွဲကျေးရွာနေ ဒေသခံလူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ထောင်မှူးကျေးရွာ သထုံ-ဘားအံကားလမ်းပေါ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ် ဆောင်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း သထုံမြို့နယ်ဘက်ကနေ ဘားအံမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးစဉ် ဖုန်းအတွင်းကနေ ပျောက်ကျားဝတ်စုံနဲ့ လက်နက်ကိုင်ထားတဲ့ ဓာတ်ပုံတွေ တွေ့ရှိ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရတဲ့လူငယ် နှစ်ဦးဟာ သထုံမြို့နယ် အင်းကွဲကျေးရွာနေ အရပ်သားမောင်ဝင်းထိုက်စိုးနဲ့ မောင်စိုးမိုးထွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ တံတားမိုင်းခွဲမှုတွေမှာပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စွပ်စွဲရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးကို သုဓမ္မဝတီနယ်မြေရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ဈေးအနီးမှာ အရက်ထိုင်သောက်နေတဲ့ လူငယ်လေးဦးကို PDF စွပ်စွဲချက်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာ လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော် ရှိနေပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.