ဘန်ကောက်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှု စံချိန်တင်ခဲ့ပြီး အခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှုဟာ အရင်နှစ်က အဲဒီစံချိန်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက် စင်တာ REIC က ပြောပါတယ်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘတ် ၃ ဒသမ ၂၄ ဘီလီယံ တန်ဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်းကို မြန်မာနိုင်ငံတဝန်းက ဝယ်သူတွေဆီ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက် အလက်စင်တာ REIC က ဆိုပါတယ်။

၂၀၂၃ တစ်နှစ်လုံး အတိုင်းအတာနဲ့ ဘတ် ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၅၆၄ ခန်းကို လွှဲပေးခဲ့ပြီး ဒါက အဲဒီနှစ်ရဲ့ စံချိန်တင် အရေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေဆီ လွှဲပြောင်းပေးတဲ့ ကွန်ဒိုအခန်း အရေအတွက်ဟာ ၂၀၂၂ ခုနှစ်ကစလို့ မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဘတ် ၂၇၄ သန်း တန်ဖိုးရှိ ကွန်ဒို အခန်း ၃၀ လောက်ကိုပဲ လွှဲပြောင်းခဲ့ရာကနေ ဘတ် ၂ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ အခန်းပေါင်း ၃၄၉ ခန်း အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကွန်ဒို ဝယ်ယူတဲ့ နိုင်ငံခြားသား အားလုံးထဲမှာ မြန်မာ နိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ထိပ်တန်း ၁၀ ခုစာရင်းမှာ ဝင်လာခဲ့ကြောင်းနဲ့ အရင်ကဆို တစ်နှစ်လုံးမှာမှ ကွန်ဒို အခန်း ၂၀ ကနေ ၅၀ လောက်အထိပဲ ဝယ်ယူမှု ရှိခဲ့ကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်စင်တာ REIC ရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် ဗီချိုင်း ဗီရက် ကာပန်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ကွန်ဒိုတွေ ဝယ်ယူကြတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ အစဉ်လိုက် အများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဟာ ဆဌမမြောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှု အရေအတွက်ဟာ တတိယအများဆုံး ဖြစ်လာခဲ့ပြီး တရုတ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံသားတွေ ဝယ်ယူမှု နောက်မှာ ကပ်လိုက်နေကြောင်း သိရပါတယ်။

ကွန်ဒို အခန်း လွှဲပြောင်းပေးမှု တန်ဖိုးအရ မြန်မာနိုင်ငံသားတွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံသားတွေနောက် တတိယနေရာမှာ ရှိနေပါတယ်။

၂၀၂၄ ပထမနှစ်ဝက် အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုဟာ အခန်းလွှဲပြောင်းပေးမှုအရရော တန်ဖိုးအရပါ ဒုတိယအများဆုံး ဖြစ်လာပြီး တရုတ်နိုင်ငံသားများပြီးနောက် အများဆုံး ဝယ်ယူသူများ စာရင်းရဲ့ဒုတိယနေရာမှာ နှစ်များစွာကြာ ရှိနေခဲ့တဲ့ ရုရှားနိုင်ငံသားတွေထက် ပိုများလာခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ထိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှုကို စစ်ကောင်စီက နှိမ်နှင်းမှုကြောင့် ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်ကာလအတွင်း ကွန်ဒိုဝယ်ယူမှု လျော့ကျ သွားခဲ့ပါတယ်။

Ref: Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.